ကမ္ဘာတဝှမ်းလုံးတွင် Covid-19 ရောဂါဖြစ်ပါပြီးနောက် မြန်မာနိုင်ငံအတွင်း Internet ရှိရုံမျှဖြင့် You Tube၊ Gmail ၊ ဆိုရှယ်မီဒီယာများ အသုံးပြု၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာကြပြီး Online စနစ်ဖြင့် မိမိတို့၏ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အထည်အလိပ်၊ အဝတ်အထည် အစရှိသဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ကြော်ငြာခြင်း၊ ဝန်ဆောင်မှု ပြုလုပ်ခြင်း လုပ်ငန်းများလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။
တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်စီးပွားရေးသည် မိမိတို့၏ နေအိမ်များမှ အသေးစား လုပ်ငန်းတစ်ခုစတင်ရန် လွယ်ကူသောခေတ်သို့ ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် မိမိအနေဖြင့် Online မှ အဝတ်အထည်များရောင်းသည့်လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ရောင်းချမည့် အမျိုးသား/ အမျိုးသမီး အသက်အရွယ်အပိုင်းအခြား၊ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်တို့ကို ခွဲခြားသတ်မှတ်ခြင်း၊ ရာသီဥတု အပေါ် (နွေ၊မိုး၊ဆောင်း)ဝတ်ဆင်ရန် သင့်တော်မည့် အထည်အလိပ်ရွေးချယ်ခြင်း၊ မိမိရွေးချယ်ထား သည့် အသက်အရွယ်အပိုင်းအခြားအလိုက် ကြိုက်နှစ်သက်တတ်သည့် အရောင် Design ရွေးချယ်ခြင်း များကို ကြိုတင်စဉ်းစားရပေမည်။
အထည်စများရွေးချယ်ဝယ်ယူရာတွင်လည်း အလိပ်လိုက်(ထွက်သည့် Colour များ အားလုံး ဝယ်ယူရသည့်)ရောင်းသည့် ကုမ္ပဏီများရှိသကဲ့သို့ အနည်းဆုံး ကိုက်(၂၀)အထက် ရောင်းသည့် ဆိုင် များလည်းရှိသည်၊ ဈေးနှုန်းအနည်းငယ်သာ ကွာခြားမှုရှိပါသည်။ မိမိစိတ်ကြိုက် Colour ရွေးချယ် ဝယ်ယူပါက လက္ကားဈေးနှုန်းဝယ်ယူခြင်း မဟုတ်ဘဲ လက်လီဈေးနှုန်းဖြင့်သာ ဝယ်ယူရပါသည်။
မိမိ၏ ထုတ်ကုန်အတွက် လိုအပ်သော အမှတ်တံဆိပ်၊ LOGO များအား Packing Service အပ်နှံဆောင်ရွက်ခြင်း၊ မိမိ Target ထားသော အရွယ်၊ အရောင်၊ ဒီဇိုင်းများရှိပါက Designer များထံ သွားရောက်၍ ချုပ်ထည်များ အပ်နှံရမည်ဖြစ်ပါသည်။ Designer အား ချုပ်လိုသော ပုံစံ၊ အမျိုးအစား အလိုက် အထည် (၃၀)၊ အထည်(၅၀)မှ စတင်လက်ခံချုပ်ပေးလျက်ရှိပြီး ချုပ်ခအနေဖြင့် တစ်ထည် လျှင် ၄၀၀ဝ-၅၀၀၀-၆၀၀၀ ကျပ်ခန့်ပေးရပြီး ကြယ်သီး၊ ဇာ၊ ဇစ် စသည့် အပိုပစ္စည်းများအတွက် ကျသင့်ငွေထပ်မံပေးချေရ မည်ဖြစ်ပါသည်။ အဆိုပါ Designer ၏ လက်ရာ ချုပ်ရိုး၊ ချုပ်သား ခိုင်ခံ့မှုရှိ/မရှိ၊ သေသပ်မှု ရှိ/မရှိ အား Simple တစ်ထည်ချုပ်၍ ကြည့်ရှုနိုင်ပါသည်။ အချို့ Designer များ မှာ Simple ချုပ်ခ ၁၅၀၀ဝိ/- ခန့်ယူလေ့ရှိပြီး အချို့ဒီဇိုင်နာများမှာ အင်္ကျီချုပ်ခအတိုင်းသာ ယူကြပါသည်။
အထက်ပါ အချက်အလက်များပြည့်စုံပြီးဖြစ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ http://www.ecommerce.gov.mm တွင် ဝင်ရောက်ပြီး သတ်မှတ်ထားသော အချက်အလက် များဖြင့် online စနစ်ဖြင့်ရောင်းချခြင်းတွင် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထား ရယူထားမှု မရှိခြင်း၊လျှောက်ထားတင်ပြခဲ့သည့်ကုန်ပစ္စည်းအုပ်စုအတိုင်း ကိုက်ညီမှုမရှိခြင်း၊ ဥပဒေအရ တားမြစ်ထားသော (သို့မဟုတ်)ဥပဒေတစ်ရပ်ရပ်ဖြင့် ငြိစွန်းနေခြင်း၊ ထောက်ခံချက်၊ ညွှန်ကြားချက် များနှင့်ကိုက်ညီမှုမရှိခြင်းနှင့် အခြားတွေ့ရှိချက်များအတွက် အရေးယူခံရမည်ဖြစ်ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ဖြင့် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၂၃)ဖြင့် အမိန့်ကြော်ငြာ စာ၊ အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အပ်နှင်းခြင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီး ၂၁.၁၂.၂၀၂၄ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ မှတ်ပုံတင်ခြင်းလျှောက်ထားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြေပြင်စစ်ဆေးရာ၌ Online Registration စတင်ဆောင်ရွက်စဉ် လျှောက်ထားခဲ့သည့်လုပ်ငန်းနှင့် လျှောက်ထားသူ၏ အချက်အလက်များစစ်ဆေးခြင်း၊ ရောင်းချသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် အချက်အလက်များစစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များဖောက်ဖျက်ခြင်းရှိ/မရှိ ၊ လျှောက်ထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များမှန်ကန်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချရန် မှတ်ပုံတင်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေခြင်းနှင့် မှတ်ပုံတင် လက်မှတ်ရရှိသူက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော ပြုမူ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါက ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက် ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အွန်လိုင်းစနစ်ကို အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို အလေးထား၍ လုပ်ဆောင်နေကြရခြင်းဖြစ်ပြီး ထိုယုံကြည်မှုအပေါ် ဥပဒေဖြင့် ထိန်းကျောင်းဆောင်ရွက် ရခြင်းဖြစ်ပေသည်၊ လူတိုင်းလူတိုင်း ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ချင်းစာတရားထားရှိမှသာ လူမှုဘဝပတ်ဝန်းကျင် သာယာလှပလာမည်ဖြစ်ပါသည်။
DOCA(မန္တလေး)