ရေစကြိုမြို့နယ်အတွင်း မတ်ပဲဈေးကောင်း၍ တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ CP ပြောင်းဖူးစေ့ နှင့် မတ်ပဲ သီးနှံများကို အများအပြား စိုက်ပျိုးလျှက်ရှိပါသည်။ ရေစကြိုမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းနေသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများတွင် မြစ်ရေကျချိန် ဩဂုတ်လနှင့် စက်တင်ဘာလများမှာ စတင်စိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေ ဖြင့် မျိုး၊သွင်းအားစု၊ထွန်ယက်ခ၊ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်းကုန်ကျစရိတ် အနေဖြင့် ကျပ်(၈)သိန်းမှ ကျပ်(၉)သိန်းခန့်ကုန်ကျကြောင်း သိရသည်။

         မတ်ပဲ(၁)ဧကထွက်ရှိမှုအနေဖြင့် ရာသီဥတုအခြေအနေအပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျှက်ရှိပြီး ယခုနှစ်အနေဖြင့် ရာသီဥတုအခြေအနေကောင်းသောကြောင့် အထွက်တင်း(၂၀) မှ (၂၅)တင်းခန့် ထွက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းလျက်ရှိပြီး ဇန်နဝါရီလတွင် လှိုင်လှိုင် ထွက်ရှိမည်ဖြစ်ပါကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ်တွင် မတ်ပဲ (၁)တင်းလျှင် ကျပ် (၁)သိန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲစိုက်တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ် ကျပ်(၁၃)သိန်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများမှာ  အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သည့်အတွက် မိုးမတ်ပဲသီးနှံများရိတ်သိမ်းပြီးလျှင် နွေမတ်ပဲသီးနှံများကို ဖေဖော်ဝါရီ လတွင် ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မ‌ကွေး)