ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်း၊ မြောင်း ၊ အင်းအိုင်များမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ပြည်တွင်း၊ပြည်ပဈေးကွက် အရောင်းအဝယ်ဖြစ်နေသည့် ငါးရှဉ့်များကို ပြည်ပ သို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိပြီး အဓိက ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
ငါးရှဉ့်များကို ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီဈေးကွက်မှာ တင်ပို့မှုများ၍ ဒီဇင်ဘာလနောက်ပိုင်း ငါးရှဉ့်အဝင် နည်းသွားကြောင်းနှင့် ငါးရှဉ့်မျိုးများကို ထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅) စင်တီမီတာ လုံးပတ် အထက်သာဖမ်းဆီးတင်ပို့ရောင်းချ ခွင့်ပြု ကြောင်း သိရသည်။ ပုသိမ်ဈေးကွက်မှပြည်ပတင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ပါးမွှား (၂)မျိုးသာ Export ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ် ကြွယ်ဝလျက် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တွေလည်းပါဝင်ပြီး သံဓာတ်များ လည်းပါဝင်ကြောင်း သံဓာတ်လုံလောက်မှုမရှိရင် ခန္ဓာကိုယ်ထဲမှာ သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက်အားနည်းတာတွေဖြစ်နိုင်ကြောင်း ၎င်းအပြင် နွားနို့ ၊ ဒိန်ချဉ်တို့လို အရိုးကိုသန်မာ စေသော phosphorus ဓာတ်များပါဝင်ပြီး သွေးအားကောင်း၍ ငါးရှဉ့်ကို ပြည်တွင်း စားသောက်ဆိုင်များနှင့် ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက်ရောင်းချလျက်ရှိပြီး အကောင်အကြီး၊ အသေး ပေါ်မူတည်၍ (၁)ပိဿာလျှင် (၁၂၀၀၀/၁၄၀၀၀)ကျပ် ဈေးဖြင့်ဝယ်ယူလျက်ဝယ်ယူထားသော ငါးရှဉ့် များကို ရေနှစ်ထပ်၊သုံးထပ် လဲလှယ်၍ ငါးရှဉ့်အသေးများကို ဖယ်ပြီးဖာ့ပုံး၊ ပလပ်စတစ်ပုံးများကို ၂၀/၂၅ပိဿာ ထည့်သွင်း၍ ရန်ကုန်မြို့ရှိစံပြဈေး၊ လှိုင်သာယာဈေးနှင့်အင်းစိန်မြို့နယ် ကြို့ကုန်း ငါးရှဉ့် အဝယ်ဒိုင်များသို့ တင်ပို့လျက် ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ပုသိမ်မြို့ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတွင် ငါးရှဉ့်ပိဿာချိန် (၈၄၃၅) တင်ပို့ နိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ငါးရှဉ့်ပိဿာချိန် (၉၀၀၀) ယခင်လတွင် ပိဿာချိန် (၅၆၅) ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)