အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တောင်သူများသည် ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့်စားဖိုဆောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး မင်းလှမြို့နယ် မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာများတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်(၂၅)ရက်သားအရွယ်တွင် စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုး၍ (၃)လအကြာတွင် အသီးများစတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သိန်း(၂၀)ခန့်ကုန်ကျကြောင်း သိရသည်။

          အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးနှံကို ၃ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၁၅၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ (၂)လခန့်အကြာထိ ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၅၀၀၀-၆၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွဲပြားမှုရှိကြောင်း၊  မိုးရာသီစိုက်ခရမ်းချဉ်ပင်များထက် ဆောင်းရာသီစိုက် ခရမ်းချဉ်ပင်များမှာ အသီး၊ အပွင့်ပိုမိုဖြစ်ထွန်းပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀-၃၀၀၀၊ လက်လီတစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ နှုန်းဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်သို့တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မင်းလှမြို့၊ ဇေယျာသီရိဈေး၊ မလွန်ဈေးနှင့် မန်းသံပုရာကန်ဈေးများသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် သိန်း (၁၀၅-၁၃၀)ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)