မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးနှံကိုလည်း ဆိပ်ဖြူမြို့နယ် ရွာသစ်၊ ကိုးထောင့်၊ ရေလယ်ကျွန်း၊ ဇလုံ၊ ချင်တောင်၊ အောက်ဆိပ်၊ ပဒေသာကျွန်း၊ မြင်ကဝ၊ ဆူးလေကုန်းကျေးရွာများတွင် မြစ်ရေဝင်ကိုင်းကျွန်းမြေများ၌ အများဆုံးစိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်တွင် ဩဂုတ်လမှ စတင်ပြီး စိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ စိုက်တောင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းရာတွင် စိုက်တောင်သူမှ ယခုနှစ်ခရမ်းချဉ်စိုက်ပျိုးရာတွင် တစ်ဧကစိုက်ပျိုးထားပြီး မြေပြင်အပြန့်စိုက်ပျိုးခြင်းနည်းစနစ်ဖြင့် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးကြောင်း၊ တန်းကြား ၂ပေ ပင်ကြား ၁ပေအကွာ စိုက်ပျိုးပြီး မြေအောက်ရေအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးကိုအများဆုံး စိုက်ပျိုးကြောင်း၊ မျိုးစေ့အထုတ်ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြောင်း တစ်ထုတ်လျှင် ကျပ်(၂၇၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကလျှင်(၅)ထုတ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)ခန့်တွင် အပွင့်လိုက်၍ (၅၀)ရက်သားခန့်တွင် အသီးတင်ပြီး (၇၅)ရက်သားခန့် နိုဝင်ဘာလ ဆန်းတွင် အသီးစတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၂၅)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခရမ်းချဉ်သီး ပျမ်းမျှပိဿာချိန် (၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ သီးနှံပေါ်စ ဒေသတွင်းဈေးကွက်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၅၀၀၀)၊ လက်လီဈေး ကျပ်(၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်၍ နှစ်ရက်လျှင် တစ်ချိန်ဆွတ်ခူးပြီး တစ်ကြိမ်လျှင် ပိဿာချိန်(၇၀)ခန့် ဆွတ်ခူးရကြောင်း၊ ယခုဇန်နဝါရီလဆန်းပိုင်းတွင် ခရမ်းချဉ်သီးဈေးကွက်ကျဆင်းလာပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၇၅)သိန်းခန့် ရရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် စိုက်ပျိုးရာသီချိန် သီးနှံထွက်ရှိမှု ဈေးနှုန်းအပေါ်မူတည်ပြီး အကျိုးအမြတ်ရရှိပုံ မတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ခရမ်းချဉ်သီးများကို ဒေသတွင်း အိမ်ဈေးဆိုင်များအပြင် မြို့ပေါ်ရှိ ကုန်စိမ်းသီးနှံဈေးကွက်နှင့် ချောက်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် ခရမ်းချဉ်စိုက်တောင်သူများ သီးနှံပေါ်ချိန် ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)