ဆောင်းရာသီနှင်းမှုန်လေးများ ကျဆင်းသည့်အချိန် စိုက်ခင်းနှင့်ယာခင်းများ အကြားတွင် အလေ့ ကျပေါက်တတ်သည့် ပေါင်းပင်တစ်မျိုးမှာ မြူပင်ဖြစ်သည်။ မြူပင်၏ အင်္ဂလိပ်အမည်မှာ goosefoot plant ဟုခေါ်ဆိုကြသည်။ မြူပင်ဆိုသည်မှာ စိုထိုင်းဆရှိတဲ့ မြေအမျိုးအစားတွင် ကောင်းမွန်စွာ ပေါက်ရောက်ရှင်သန်နိုင်သည့် အပင်ပုလေးတစ်မျိုးဖြစ်ပါသည်။ မြူရွက်သည် နူးညံ့ပြီး ဟင်းနုနွယ်နဲ့ ခပ်ဆင်ဆင် တူသည်။ လတ်ဆတ်သော မြူပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်တို့နှင့် အတူ ဗီတာမင် အေ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဘီဆဲဗင်း၊ ဘီနိုင်းတို့ပါဝင်ပြီး သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဆေးဝါးဗေဒဆိုင်ရာလေ့လာမှုများအရ မြူပင်တွင် ပိုးများကိုသေစေနိုင်စွမ်းနှင့် မျိုးဆက်ခြားပေးနိုင် စွမ်းသောဂုဏ်သတ္တိများ ပါ၀င်ကြောင်းလေ့လာသိရှိရသည်။ ဗီတာမင်နှင့်သတ္တုဓာတ် ကြွယ်ဝစွာပါဝင် သောကြောင့် နေလောင်ဒဏ်မှကာကွယ်ပေးနိုင်ခြင်း၊ အရေပြားပေါ်မှ ထိခိုက်ရှနာများကို သက်သာစေ နိုင်ခြင်းနှင့်အမြင်အာရုံအားကောင်းစေသည်။ မြူရွက်တွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင် ခြင်းကြောင့် အစာခြေဖျက်ခြင်းကို အထောက်အကူပြုခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး တို့အတွက် ကောင်းမွန်စေကြောင်းသိရှိရသည်။ မြူရွက်တွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် သွေးနီဥဆဲလ် များ ထုတ်လုပ်ပေးသောကြောင့် သွေးအားကောင်းစေခြင်းနှင့်အားနည်းခြင်းတို့မှ ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်းသိရှိရသည်။ သတိပြုရမည့်အချက်မှာ မြူရွက်များကို အစိမ်းအတိုင်းမဟုတ်ဘဲ ချက်ပြုတ် ကြော်လှော်ခြင်းများ ပြုလုပ်ပြီးမှသာ စားသုံးသင့်သည်။ မြူရွက်ညွန့်များကို ရေနွေးဖျောပြီးနောက် ခရမ်းချဉ်သီးပန်ထွေဖျော်၊ ခရမ်းချဉ်သီး ငါးပိချက်၊ ငါးပိရည် ကျိုတို့နှင့် တွဲဖက်ပြီး တို့စရာအဖြစ် စားသုံးကြသလို မြူရွက်ညွန့်နုလေးများကို ရေနွေးဖျောပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်တို့နှင့်လည်း သုပ်စားနိုင်ပါသည်။ ရာသီချိန်ခါနှင့်အညီ မြူပင်မှ ရရှိသည့် မြူရွက်များကို ဒေသအလိုက်မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်း ဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ မြူရွက်သည် သဲမြေနှင့် ယာမြေများတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ မြူရွက်သည် ဆောင်းရာသီအကုန် နွေရာသီအကူးအထိ ပေါက်ရောက်သော စားပင်တစ်မျိုးဖြစ်ပြီး မန္တလေးဈေးကွက်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)