ပြည်မြို့တွင် ငရုတ်သီးစိမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

        ပြည်မြို့နယ်တွင် ငရုတ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြသလို တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် မိုးငရုတ်သီးစိမ်းစိုက်ဧကမှာ (၆၇၅) ဧကရှိပြီး အထွက်းနှုန်းမှာ ပျမ်းမျှ ပိဿာ ၁၃၀၀ကျော်ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ဆောင်းငရုတ်စိုများစိုက်ပျိုးလျှက်ရှိပြီး စိုက်ဧကမှာ (၁၀၃)ဧကရှိစိုက်ပျိုးထားကြောင်း သိရှိရပါ သည်။ ငရုတ်စိုကို စိုက်ပျိုးပြီး (၂-၃)လအကြာတွင် ငရုတ်သီးများစတင်ခူးဆွတ်ရပါသည်။ ငရုတ်သီ းခူးဆွတ်ရာတွင် တစ်ဧကလျှင် ငါးရက်တစ်ကြိမ်ခူးဆွတ်ရပါသည်။ ငရုတ်သီးစိမ်းအမျိုးမျိုးရှိပြီး ကျောက်စိမ်းငရုတ်၊ ပီနန်ငရုတ်၊ ပီနန်ယောက်ဖ၊ ကုလားအော်သီး၊ မိုးမျှော်ငရုတ်သီးဟူ၍ အမျိုးအစားပေါင်းများစွာရှိပါသည်။ ငရုတ်သီးစိမ်းအရောင်မှာလည်းကွဲပြားပါသည်။ အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါနုရောင်၊ အဝါရင့် ရောင်၊ အစိမ်ရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပြီး ရင့်မှည့်လျှင် အနီရောင်နှင့် အဝါဖျော့ဖျော့ အရောင်များလည်းရှိပါသည်။

           ပြည်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာတို့အပြင် အချို့သော ကျေးရွာအတော်များများမှာလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ပြည်ဈေးကွက်သို့တင်ပို့ရောင်းချပြီး ပြည်ဈေးကွက်မှ တစ်ဆင့် ရန်ကုန်မြို့နှင့် အခြားနယ်မြို့များသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးနှုန်းများ အဖြင့် ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းချသလို ကျောက်စိမ်း ငရုတ်သီးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။

             ငရုတ်သီးစိုက်ပျိုးသူတောင်သူများအဖို့ ငရုတ်သီးဈေးမှာ ယခင်နှစ်ထက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလာကြသလို အမြတ်အစွန်းများလည်းပိုမိုရရှိလာမည်ဖြစ်ပါသည်။ ငရုတ်သီး ဝယ်လိုအားများလာလျှင် စိုက်ပျိုးမှုများလာသဖြင့် ဝယ်လိုအားအနည်း အများပေါ်မူတည်နေကြောင်း သိရပါသည်။ ငရုတ်သီးကို မျိုးကောင်းမျိုးသန့်ရွေးခြယ်စိုက်ပျိုးပြီး၊ နည်းပညာများဖြင့် မှိုရောဂါကင်းပြီး အရည်အသွေးပြည့်မီလျှင် ပြည်ပဝယ်လိုအားကောင်းလာမည်ဖြစ်ပြီး အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)