မလေးရှား စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၀၀ နှင့် ၄၈၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်ကြောင်းနှင့် ထုတ်လုပ်မှု အမြင့်မားဆုံးကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင်မူ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၄၄၀၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နိုင်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ စားအုန်းဆီ အထွက်ကျဆင်းပြီး ဆီလက်ကျန် လျော့ကျ မှုရှိခြင်းနှင့် ၂၀၂၅ ခုနှစ် ဇီဝလောင်စာဆီထုတ်လုပ်မှု အစီအစဉ်တွင် စားအုန်းဆီပါဝင်မှုရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ထားရှိခြင်း တို့နှင့်အတူ ၂၀၂၅ ခုနှစ်တွင် နေကြာဆီနှင့် မုန်ညှင်းဆီ ရောင်းလိုအား ပိုမိုတင်းကျပ်လာနိုင်ခြင်းတို့ကြောင့် ထိုကဲ့သို့ စားအုန်းဆီကြမ်း ဈေးနှုန်းများ ဆက်လက်မြင့်တက် နိုင်သည်ဟု မလေးရှား RHB ရင်းနှီးမြှုပ်နှံမှုဘဏ်က ကြိုတင်ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဆီနှင့်အဆီ လိုအပ်ချက်သည် သိသာထင်ရှားစွာမြင့်မားနိုင်ကြောင်း၊ ဆီလိုအပ်ချက်မြင့်မားလာမှုက ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း ပိုမိုခိုင်မာအားကောင်းလာစေမည် ဖြစ်ကြောင်း၊ ဆီနှင့်အဆီ ၁၇ မျိုးအတွက် ကုန်သိုလှောင်မှုလက်ကျန်နှင့် သုံးစွဲမှုအချိုးအစားမှာ ၁၅ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးအဖြစ် ၂၀၂၅ ခုနှစ်၌ ၁၂.၆ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း RHB က ဖော်ပြပါသည်။
သို့သော် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်ခြင်း၊ ရေနံစိမ်းစျေးနှုန်းများ သိသာစွာ အပြောင်းအလဲဖြစ်ခြင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုဖြစ်ပေါ် ပြောင်းလဲမှုနှင့် ကြုံတွေ့ ရခြင်း၊ မလေးရှားနိုင်ငံတွင် အလုပ်သမားပြဿနာ ပိုမိုဆိုးရွားလာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စည်းကြပ်မှုနှင့် ကုန်သွယ်မှုမူဝါဒများကို ပြန်လည်ပြင်ဆင်မည့် အလားအလာများရှိခြင်း တို့က စားအုန်းဆီလုပ်ငန်းနယ်ပယ်၌ ဆုံးရှုံးမှုဖြစ်စေနိုင်သည့် အဓိကအကြောင်းအရင်းများအဖြစ် တည်ရှိနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်းဈေးနှုန်းများ ပိုမိုမြင့်မားပြီး ခိုင်မာနိုင်ခြေရှိခြင်းက လုပ်ငန်း ကဏ္ဍကို ပြန်လည်အကဲဖြတ်ရန် ဦးတည်လျက်ရှိသဖြင့် စားအုန်းဆီလုပ်ငန်းရှယ်ယာများ၌ ရင်းနှီး မြှုပ်နှံရန် ကောင်းမွန်သည့်အခြေအနေရှိသည်ဟူသော အကြံပြုချက်ကို RHB ဘဏ်က ဆက်လက် ကိုင်စွဲထားသည်။ မလေးရှား Kenanga ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် CIMB Securities ငွေတိုက်စာချုပ် နှင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တို့ကလည်း စားအုန်းဆီလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှု ကောင်းမွန်သည် ဟူသော ၎င်းတို့၏ အကဲဖြတ်ချက်များကို ထပ်လောင်း ပြောဆိုထားသည်။
ရောင်းလိုအား ကျပ်တည်းမှုများ ဖြစ်ပေါ်နေချိန်တွင် စားအုန်းဆီကြမ်း၏ ဈေးနှုန်းများ မြင့် တက်လာနိုင်ခြေရှိမှုအပေါ် အခြေခံ၍ Kenanga ဘဏ်က ထိုကဲ့သို့အကြံပြု ပြောကြားခဲ့ခြင်းဖြစ် သည်။ ပဲပုပ်ဆီဈေးနှုန်းအပေါ် ကျော်လွန်နေခဲ့သော စားအုန်းဆီကြမ်းဈေးနှုန်းများသည် မကြာ သေးမီကာလမှစတင်၍ ကွာဟမှု ကျဉ်းမြောင်းလာကြောင်း၊ သို့သော် စားအုန်းဆီကြမ်းအပါအဝင် စားသုံးဆီအားလုံး၏ စျေးနှုန်းများသည် ၂၀၂၅ ခုနှစ်တွင် ဆက်လက်မြင့်မားဖွယ်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌ ၂၈ လတာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် လအလိုက် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းမှုရှိသော်လည်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၄ ခုနှစ်အတွက် စားသုံးဆီစျေးနှုန်း အညွှန်းကိန်းသည် နှစ်အလိုက် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း အဆိုပါဘဏ်က ပြောကြားသည်။
ကမ္ဘာ့စားသုံးဆီဈေးကွက်အတွင်း အဓိကစားသုံးဆီ ၄ မျိုးဖြစ်သည့် စားအုန်းဆီ၊ ပဲပုပ်ဆီ၊ မုန်ညှင်းဆီနှင့် နေကြာဆီ တို့အနက် စားအုန်းဆီသည် စျေးနှုန်းကို ဆက်လက်ဦးဆောင်နိုင်သည့် ဆီအဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြသည်။
CIMB Securities လီမိတက်၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွက် ခန့်မှန်းချက်၌ မလေးရှား နိုင်ငံတွင် စားအုန်းဆီ တင်ပို့မှုအားနည်းခြင်းနှင့် ပြည်တွင်းစားသုံးမှု အခြေအနေအရ စားအုန်းဆီ လက်ကျန်မှာ လအလိုက်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း မြင့်တက်လျက် တန်ချိန် ၁.၇၃ သန်းခန့် ရှိနိုင် ကြောင်း၊ ရာသီကာလ အခြေအနေအရ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် တန်ချိန် ၁.၃၇ သန်း ရှိနိုင်ပြီး ယခင်လထက် ၈ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိကြောင်း၊ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် မုန်ညှင်းဆီတို့ထက် ကျော်လွန်၍ ပရီမီယံအဆင့်ဈေးနှုန်းအထိ မြင့်တက်နေပြီး စားသုံးသူများ အတွက် ပိုမိုစျေးသက်သာသည့် အခြားစားသုံးဆီများသို့ ပြောင်းလဲရွေးချယ်ဝယ်ယူရန် တွန်းအား ပေးလျက်ရှိရာ စားအုန်းဆီ တင်ပို့မှုမှာ တန်ချိန် ၁.၁၃ သန်းခန့် ရှိနိုင်ပြီး ယခင်လအောက် ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း ပြောဆိုပါသည်။
အမေရိကန်နိုင်ငံ၏ ဇီဝဒီဇယ်ကဏ္ဍအပေါ် အသုံးစရိတ်လျော့ချမည့်မူဝါဒ ချမှတ်နိုင်မည့် အလားအလာက စိုးရိမ်မှုများဖြစ်ပေါ်စေခြင်းကြောင့် ပဲပုပ်ဆီဈေးနှုန်းများသည် ဆက်လက်၍ အားနည်းနေဖွယ်ရှိကြောင်း သိရသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင် နှုန်းအထိ ရောနှောအသုံးပြုမည့် ဇီဝဒီဇယ် (B40 biodiesel) အစီအစဉ်ကို ၂၀၂၅ ခုနှစ် ပထမ ၃ လပတ် နှောင်းပိုင်းတွင် စတင်ကျင့်သုံးမည်ဖြစ်သဖြင့် ၎င်း၏ ပြည်တွင်းစားအုန်းဆီ လိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း၊ ရလဒ်အနေဖြင့် ၂၀၂၅ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၂၀၀ နှုန်းရှိနိုင်ကြောင်းဖြင့် CIMB Securities လီမိတက်က မျှော်လင့်ထားသည်ကို တင်ပြလိုက်ရပါသည်။
Source: Bernama, 13th Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)