မလေးရှား စားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၇၁ သန်းရှိ ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းခန့်ရှိနိုင်မည်ဟု စိုက်ခင်းနှင့်ကုန်စည်များရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (Malaysian Palm Oil Board- MPOB) က ၁၄-၁-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း The Star Online သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာ့ စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၌ တန်ချိန် ၁၉.၃၄ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၉.၅ သန်းသို့ အနည်းငယ် မြင့်တက် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ စားအုန်းဆီတင်ပို့မှုတွင်လည်း ၂၀၂၄ ခုနှစ်၌ တန်ချိန် ၁၆.၉ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၇.၃ သန်းသို့ တိုးတက်တင်ပို့နိုင်မည်ဟု မျှော်မှန်းထား ကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းသည် ယခင်နှစ်တွင် ပျမ်းမျှနှစ်ပိတ်ဈေးနှုန်းအဖြစ် တစ်တန် လျှင် ၄၁၂၈ ရင်းဂစ်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၌ ကြိုတင်အရောင်းဈေးနှုန်းများမှာ တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ မှ ၄၃၀၀ အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်းဖြင့် စားအုန်းဆီလုပ်ငန်း ဆောင်ရွက်ရေး ဟူ သည့် ကမ္ဘာလုံးဆိုင်ရာတောင်းဆိုမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် အစိုးရအာဏာပိုင်အဖွဲ့များသည် ပြည်တွင်းစားအုန်းဆီလုပ်ငန်းများရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် MPOB ၏ ညွှန်ကြားရေးမှူးချုပ် Mr. Ahmad Parveez Ghulam Kadir က စားအုန်းဆီညီလာခံတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်တွင် စားအုန်းဆီလုပ်ငန်း၏ အလားအလာမှာ ပိုမိုကောင်းမွန်မည်ဟု မျှော်လင့် ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအပေါ် စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအေဂျင်စီများ အနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက် မပြတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပိုမိုရေရှည်တည်တံ့ပြီး ဟန်ချက်ညီသောအနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် စားအုန်းဆီလုပ်ငန်းနယ်ပယ်အတွင်း စီးပွားရေးတည်ငြိမ်မှုနှင့် လူမှု ရေးရာ တာဝန်ယူဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Ahmad Parveez Ghulam Kadir က ပြောကြားခဲ့ပါသည်။
Source: The Star Online, 14th Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)