တောင်ငူမြို့တွင် မရမ်းသီးများပေါ်ပြီ

Powered by Drupal

တောင်ငူမြို့ အနီးဝန်းကျင် ကျေးရွာများတွင် မရမ်းပင်များကို ခြံဝင်းအတွင်း စိုက်ပျိုးကြ ခြင်းဖြင့် မရမ်းသီးပေါ်ချိန်တွင် အပိုဝင်ငွေများရရှိသကဲ့သို့ နွေရာသီတွင် အရိပ်လည်းရပါသည်။ ယခု အခါတွင် မရမ်းသီးများပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရောင်းချလျှက်ရှိနေပါသည်။ ထို့အတူ တောင်ငူမြို့ အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှလည်း မရမ်းသီးများ ဝင်ရောက်လာပါသည်။             

              ရမ်းသီးကို အစိမ်းရော၊ အမှည့်ပါ စားသုံးနိုင်ပါသည်။ မရမ်းသီးအစိမ်းကို သုပ်စား၍ လည်းကောင်း၊ ထောင်းစား၍လည်းကောင်း၊ ငါးပိနှင့်ကြော်၍လည်းကောင်း စားသုံးကြပါသည်။ မရမ်းသီးအမှည့်ကို အသီးအတိုင်းစားသုံးနိုင်ပါသည်။ မရမ်းသီးကို အခြောက်လှန်းပြီး မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုတွေ အဖြစ်ဖြင့်လည်း စားသုံးကြပါသည်။ 

              မရမ်းသီးမှာ အချိုသီးနှင့် အချဉ်သီးဟူ၍ နှစ်မျိုးရှိပြီး လူတိုင်းလိုလို ကြိုက်နှစ်သက်ပါ သည်။ ယခုအချိန်သည် မရမ်းသီးပေါ်ခါစဖြစ်၍ မရမ်းသီးစိမ်းသာ ရရှိနိုင်ပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် မရမ်းသီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ရောင်းချလျှက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ရောင်းအားကောင်းကြောင်း ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)