
၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်းအစီးရေ ၃၈၈၅၀၀ စီးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်း ရုံး၏ အဆိုအရသိရပါသည်။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလကြာမြင့် သည့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေး ၅၀ ရာခိုင်နှုန်း လျှော့ချပေးသည့် ကာလတွင် အစီးရေ ၁၃၄၅၀၀ စီး ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် နိုင်ငံ၏ တစ်နှစ်တာစုစုပေါင်းထုတ်လုပ်သည့်ပမာဏ၏ သုံးပုံတစ်ပုံရှိကြောင်း သိရပါသည်။ သို့သော် ဒီဇင်ဘာလတွင် နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်း ၄၇၀၀၀ ရှိပြီး နိုဝင်ဘာလက ထုတ်လုပ်ခဲ့သည့် အစီးရေ ၅၂၄၀၀ ထက် သိသာစွာလျှော့ကျခဲ့ကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုသည် နိုင်ငံ၏မှတ်ပုံတင်ကြေးလျှော့ချပေးသည့်ကာလ ကုန်ဆုံးချိန် ဖြစ်သောကြောင့် ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ထုတ်လုပ်သူများသည် ၂၀၂၅ ခုနှစ်သို့ ဝင်ရောက်ရာတွင် ကုန်လက်ကျန်ပိုလျှံမှုကိုရှောင်ရှားရန် ထုတ်လုပ်မှုကိုလျှော့ချနောက်ဆုတ် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။ ကုမ္ပဏီများက ဗီယက်နမ်တွင် ထုတ်လုပ်မှုဆက်လက် တိုးချဲ့လာနိုင်မှု နှင့်အတူ ပြည်တွင်းကားထုတ်လုပ်မှုနှင့်ရောင်းချမှုတို့သည် ၂၀၂၅ တွင် ဆက်လက်ကြီးထွားရန် မျှော်လင့်ရကြောင်း သိရပါသည်။ ၎င်းတို့တွင် Chery၊ Geely နှင့် Lynk & Co တို့ပါဝင်သော တရုတ်ကားအမှတ်တံဆိပ်အသစ်များ ဗီယက်နမ်သို့ဝင်ရောက်လာခြင်း ပါဝင်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဥရောပအမှတ်တံဆိပ်ဖြစ်သော Skoda သည် ဗီယက်နမ်နိုင်ငံရှိ ၎င်းတို့၏ တစ်နှစ်လျှင် မော်တော်ကားအစီးရေ ၁၂၀၀၀၀ ထုတ်လုပ်တပ်ဆင်နိုင်သည့် စက်ရုံသစ်ကို ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဟုသိရပါသည်။ ဒီဇင်ဘာလတွင်လည်း ဗီယက်နမ်လျှပ်စစ်ကား ကုမ္ပဏီ VinFast သည် လျှပ်စစ်ကားထုတ်လုပ်တပ်ဆင်သည့်စက်ရုံ ဆောက်လုပ်မှုကို Ha Tinh မြို့တွင် စတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။ ထိုစက်ရုံသစ်သည် VinFast ၏ အရောင်းရဆုံး မော်တော်ယာဉ်များဖြစ်သည့် VF 3 နှင့် VF 5 မော်ဒယ်များကိုထုတ်လုပ်မည်ဟုသိရပါသည်။
DOCA(ရန်ကုန်)