မုံရွာမြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နဂါးတွင်း၊ ဗုံတို၊ ဘုမ္မနိုး စသည့်ကျေးရွာများတွင် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးနှံကို  ဘုမ္မနိုးကျေးရွာတွင် စိုက်ဧက ၁၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

         ငရုတ်သီးစိုက်ပျိုးရန် မျိုးစေ့များကို သာမိုတစ်ထုပ်(၆၅၀၀၀)ကျပ် ၊မောင်တိန် တစ်ထုပ် (၉၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရပါကြောင်း၊  စိုက်ပျိုးရာတွင် ငရုတ်မျိုးစေ့များကို စက်တင်ဘာလတွင် ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ အောက်တိုဘာလတွင် ပျိုးပင်သက်တစ်လသားခန့်အပင်အား မြေချ ၍ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် သာမိုစိုက်ပျိုးလျှင် တစ်ဧက (၆)ထုပ်၊ မောင်တိန်စိုက်ပျိုးလျှင် (၇)ထုပ် စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် တစ်တောင်ကွာ စိုက်ပျိုးရပါကြောင်း၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သာမို-၁၁ ငရုတ်မျိုးနှင့် မောင်တိန်- ၀၄၄  ငရုတ်မျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၇၀၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် အထွက်နှုန်း ငရုတ်အစို ပိဿာ ၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဇန်နဝါရီလ တတိပတ်ဈေးနှုန်းအနေဖြင့် ငရုတ်သီးစိမ်းလက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀-၃၈၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၅ သိန်း ခန့် ရရှိကြောင်း၊  ဈေးကွက် အနေဖြင့် မုံရွာနှင့် ပွဲစားများက မန္တလေးကုန်စိမ်းဒိုင်များသို့ တိုက်ရိုင်တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးနှံ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)