ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတားအဆီးများကို လျှော့ပါးစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ပူးတွဲကုန်သွယ်ရေးကော်မတီ (JTC) ထူထောင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ဖြစ်သူနှင့် ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီးတွင် ထိုင်းစီးပွား ကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က JTC ထူထောင်ရန်ဆွေးနွေးမှုများ သည်လာမည့်နှစ်လအတွင်း စတင်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ Mr Pichai က JTC အစည်းအဝေးများသည် မူဝါဒအဆင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပါဝင်သော ဘက်ပေါင်းစုံ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို နှစ်ဖက်စလုံးမှ ဖြေရှင်းစေနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ JTC အပြင် ထိုင်းနိုင်ငံသည် လေအေးပေးစက်များ၊ ပလတ်စတစ်ကော်စေ့များ၊ ပိုးတုမျှင်များ၊ MDF သစ်သား အစရှိသည့် အဓိကထိုင်းပို့ကုန်များ အတွက် ထောက်ခံချက်လုပ်ငန်းစဉ်များကို အမြန်ပြီးမြောက်စေရန် အိန္ဒိယနိုင်ငံအား တိုက်တွန်း ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ရာဘာတာယာများနှင့် ကာလာတီဗီ များအတွက် သွင်းကုန်လိုင်စင်များအား လျှင်မြန်စွာခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Mr Pichai က ထိုင်းနိုင်ငံသည်၂၀၂၅ တွင်ရည်ရွယ်ထားသည့် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်ကို အဆင့်မြှင့်တင်ရေး ပြီးမြောက်စေရန် အပြည့်အဝပံ့ပိုးကာ ပူးပေါင်းဆောင် ရွက်သွားရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မောင်းနှင်ရန်အတွက် ထိုင်း-အိန္ဒိယ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီ ချက်အပေါ် အရင်းအနှီးပြုရန် သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ ထိုင်းတာဝန်ရှိသူများသည် အိန္ဒိယရင်းနှီးမြှုပ်နှံသူများအား အရှေ့ပိုင်းစီးပွားရေးစင်္ကြန်တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အထူးသဖြင့် ဒေတာစင်တာများထူထောင်ရာတွင် အခွင့်အလမ်းများရှာဖွေရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ပလတ်စတစ်ကော်စေ့များ၊ ဓာတုပစ္စည်းများ၊ ကျောက်မြတ် ရတနာများ၊ စက်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ ပီလောပီနံအခြေပြု ကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ပြုပြင်ထားသောသစ်သားများ ပါဝင်သော တန်ဖိုးမြှင့်ထုတ် ကုန်များကို ကုန်သွယ်မှုမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ ထိုကနဦး စတင်မှုသည် ထောက်ပံ့မှုကွင်းဆက် ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းရန်နှင့် နှစ်နိုင်ငံစလုံးအား ဒေသတွင်း စည်းလုံးသော ကုန်ထုတ်လုပ်ရာအခြေစိုက်ဖြစ်စေရန် ရည်ရွယ်ကြောင်းသိရပါသည်။ ၎င်းတို့သည် စီးပွားရေးကွန်ယက်များ မြှင့်တင်ရန်နှင့် ကုန်သွယ်မှုအခွင့်အလမ်းများတိုးချဲ့ရန် နှစ်နိုင်ငံစလုံးရှိ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်မှုများ၌ ပါဝင်ဆင်နွှဲမှု အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြ ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းကုန်သွယ် ရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၁၁ လတွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၆.၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၀.၅ ဘီလီယံရှိပြီး အဓိကပို့ကုန်များတွင် ပလတ်စတစ်ကော်စေ့များ၊ ဓာတုပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် တိရိစ္ဆာန်အဆီများ၊ ကျောက်မြတ်ရတနာများနှင့် စတီးလ်ထုတ်ကုန်များ ပါဝင်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံထံမှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံတန်ဖိုးရှိပြီး အဓိကသွင်းကုန်များတွင် ကျောက်မြတ်ရတနာများ၊ စက်ပစ္စည်းများနှင့်စက် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ အပင်များနှင့် သတ္ထုတွင်းထွက်ပစ္စည်းများ ပါဝင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)