မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်းဦးစီးမှူးရုံးတွင် (၁၄.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်၌ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအဖက်ဖက်မှ အသိပညာဗဟုသုတများတိုးပွားစေရန်၊ လုပ်ငန်းတာဝန်များ ကျွမ်းကျင်မှုရှိစေရန်၊ ဟောပြောပွဲများ၊ အထက်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးတင်ပြမှုများတွင် ရဲရဲဝင့်ဝင့်ပြောဆိုဆွေးနွေး တင်ပြနိုင်မှုရှိစေရန်၊ ဝတ်စားဆင်ယင်မှုများ သပ်ရပ်စွာဝတ်စား ဆင်ယင်တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဌာနခွဲတာဝန်ခံများက ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုများအား ဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးဝင်းထွန်းဦး (ဦးစီးမှူး)က ခွင့်ခံစားခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ငွေစာရင်းတာဝန်ခံ ဦးတင်ဇော်ထွေး (ဦးစီးမှူး)က ငွေစာရင်းတောင်းခံမှုအဆင့်ဆင့်ကိုလည်းကောင်း၊ စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က အခြေခံသတင်းရေးသားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲတာဝန်ခံ ဒေါ်သူဇာမိုး(ဒု-ဦးစီးမှူး)က နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများအားလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်းနှင့် အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၈)ဦး၊ Online ဖြင့် ညောင်ဦးခရိုင်မှ ဝန်ထမ်း (၃)ဦးနှင့် နွားထိုးကြီး မြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)