၂၀၂၅ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရရှိရန်ရည်မှန်းထားသည့် ဗီယက်နမ်

Powered by Drupal

          သိသာထင်ရှားသည့်ဈေးကွက်တိုးချဲ့နိုင်မှုနှင့် ကြီးထွားမှုတို့ကြောင့် ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ဗီယက်နမ်နိုင်ငံ သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း (VINAFRUIT) ၏ အဆိုအရသိရပါသည်။  ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၁ ဘီလီယံ ရရှိခဲ့သည့် ကဏ္ဍ၏ အားကောင်းသောစွမ်းဆောင်ရည်သည် ထိုရည်မှန်းချက်အတွက် အခြေခံအုတ်မြစ်ဖြစ်စေခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ထုတ်ကုန်များသည် အဓိကဈေးကွက် များတွင် အားကောင်းသည့်‌နေရာ၌ ရပ်တည်နေပြီး လတ်တလောတွင် နိုင်ငံ၏လတ်ဆတ်သော၊ ပြုပြင်ထုတ်လုပ်ထားသော ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးကွက် ၆၀ ကျော်၌ တည်ရှိနေ ပြီဖြစ်ကြောင်း သိရပါသည်။ အသင်း၏ဥက္ကဌဖြစ်သူ Nguyen Thanh Binh က ကုန်သွယ်ရေး တင်းမာမှုများနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများက ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး ထုတ်ကုန် တင်ပို့မှု အတွက် အဓိကစိန်ခေါ်မှုဖြစ်နေသော်လည်း အဓိကဈေးကွက်များတွင် ဈေးကွက်ဝေစုများ တိုးချဲ့ နိုင်မှုနှင့် နည်းပညာတွင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှုကြောင့် ထိုအမေရိကန်ဒေါ်လာ ၈ ဘီလီယံ တင်ပို့ရန်ရည်မှန်းချက်သည် ဖြစ်နိုင်ချေရှိကြောင်း ပြောကြား ခဲ့ပါသည်။ လုပ်ငန်းများသည်လည်း ထုတ်ကုန်အရည်အသွေးမြှင့်တင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်မှုတို့ အာရုံစိုက်သင့်ကာ ဘက်ပေါင်း စုံလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် များကို လေးစားလိုက်နာမှု ဆက်လက် ထိန်းသိမ်းသင့်ကြောင်း Binh က အကြံပြုခဲ့ပါသည်။ အသင်းသည်လည်း ဈေးကွက်သစ်များ ရှာဖွေရန်၊ အစဉ်အလာဈေးကွက်များသို့ တရားဝင် လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများအရှိန်မြှင့်တင်ရန်နှင့် ကြီးထွားမှုဆက်လက်အားကောင်းစေရန် ဘက်ပေါင်းစုံ ပြန်လည်ဖွဲ့စည်းမှုကို ထောက်ခံကြောင်း Binh ကဆက်လက်ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)