စီးပွားရေးချိတ်ဆက်မှုအားကောင်းရန်ဗီယက်နမ်နှင့်အယ်ဂျီးရီးယားတို့ဆွေးနွေး

Powered by Drupal

          အယ်ဂျီးရီးယားနိုင်ငံရှိဗီယက်နမ်ကုန်သွယ်ရေးရုံးသည် များစွာသောအယ်ဂျီးရီးယား ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် အပြန် အလှန်ကုန်သွယ်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သတ်၍ အစည်းအဝေးကို ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို အယ်ဂျီးရီးယား နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (ONDE)၊ အာရပ်-အာဖရိကန်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ(CAAID)၊ သွင်းကုန်၊ ပို့ကုန်၊ နိုင်ငံတကာကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု အယ်ဂျီးရီးယားဖိုရမ်(AFIETI) နှင့် စီးပွားရေးလုပ်ငန်း ၁၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာထုတ်ကုန်၊ သစ်တောနှင့်စက်မှု ထုတ်ကုန် ပို့ကုန်-သွင်းကုန်ကဏ္ဍနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ် Hoang Duc Nhuan က ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရှိခဲ့ကြောင်းနှင့် ဗီယက်နမ် ၏ PetrolVietnam ၊ ထိုင်းနိုင်ငံ၏ PTTEP နှင့် အယ်ဂျီးရီးယား၏ Sonatrach တို့ ဩဂုတ်လ ၂၀၁၅ မှစ၍ ပူးပေါင်းထုတ်လုပ်သည့် တစ်နေ့လျှင် စည် ၁၆၀၀၀-၁၈၀၀၀ ထွက်ရှိသော Bir Seba ရေနံလုပ်ငန်းသည် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ Nhuan က အယ်ဂျီးရီးယား အေဂျင်စီများနှင့် ကုမ္ပဏီများအား ယခုနှစ်တွင် ဗီယက်နမ်၌ ကျင်းပမည့် များစွာသောနိုင်ငံတကာ ကုန်သွယ်ရေးအခမ်းအနားများကို တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားလုပ်ငန်းများသည်လည်း ဗီယက်နမ်၏ ကော်ဖီကြမ်း၊ သီဟိုဠ်စေ့၊ အယ်လ်မွန်သီး၊ သစ်နှင့် သစ်ထုတ်ကုန်များအား တင်သွင်းရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြပြီး အယ်ဂျီးရီးယား သံလွင်ဆီ နှင့် ကြက်ခြေထောက်များကို တင်ပို့လိုကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ AFIETI မှ Nabil က အယ်ဂျီးရီးယားသည် ဧပြီလတွင်ကျင်းပမည့် ဗီယက်နမ်ကုန်စည်ပြပွဲသို့ ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကြောင်းနှင့် အယ်ဂျီးရီးယားကုမ္ပဏီများသည် ပြည်တွင်း ဈေးကွက်အတွက် သာမက ကျယ်ပြန့်သော အာဖရိကကွန်တီနန်တယ် လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ အတွက်ပါရည်ရွယ်၍ ဖိနပ်၊ အဝတ်အထည်၊ ဆေးဝါးများနှင့် ဓာတုပစ္စည်း များထုတ်လုပ်ရန် အတွက် ဗီယက်နမ်မိတ်ဖက်များကို ရှာဖွေနေ‌ကြောင်း ပြောကြားခဲ့ပါသည်။ Nhuan က စဉ်ဆက်မပြတ်ဆွေးနွေးမှု၊ နိုင်ငံတကာကုန်စည်ပြပွဲများတက်‌ရောက်ခြင်း၊ ဈေးကွက် အချက်အလက်များမျှဝေခြင်း၊ စီးပွားရေးချိတ်ဆက်ပေးခြင်း၊ မိတ်ဖက်စိစစ်ရွေးချယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်စဉ်အတွင်းဖြစ်ပေါ်လာသည့် အငြင်းပွားမှုမှန်သမျှကျေ‌အေးခြင်းတို့၏ အရေး ပါမှုကို ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)