ထိုင်းနိုင်ငံနှင့် ဥရောပလေးနိုင်ငံ လွတ်လပ်သောကုန်သွယ်ရေးအသင်း(EFTA) ကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်အတွင်း လက်မှတ်ရေးထိုးမည်ဟု စီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က ဇန်နဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ Mr Pichai က၎င်းနှင့် ၎င်း၏ အကြီးတန်းဝန်ကြီးဌာနတာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၀ မှ ၂၄ ထိကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို တက်ရောက်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်မည် ဟု ပြောကြားခဲ့ပါသည်။ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းတို့ပါဝင်သည့် EFTA နှင့် သဘောတူညီချက်ကို ထိုင်းနိုင်ငံအထက်လွှတ်တော်က ဇန်နဝါရီလ ၁၃ ရက်နေ့က ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ Mr Pichai က အာဏာပိုင်များသည် ဆွေးနွေးညှိနှိုင်းမှုများကို လွန်ခဲ့သည့် သုံးလကျော်တွင် အမြန်ပြီးမြောက်စေရန် အကောင်အထည် ဖော်ခဲ့ကြောင်းနှင့် ထိုသဘောတူညီချက်သည် အစိုးရ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရာ တွင် သိသာထင်ရှားသော အောင်မြင်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံနှင့် EFTA ကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေး၏ ၂.၀၅ ရာခိုင်နှုန်း ပမာဏရှိခဲ့ကြောင်း သိရပါသည်။ EFTA နိုင်ငံများ သို့ ထိုင်းနိုင်ငံ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၁၂ ဘီလီယံတန်ဖိုးရှိပြီး အမေရိကန် ဒေါ်လာ ၇.၃၅ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းကြောင်း သိရပါသည်။ အဓိကထိုင်းပို့ကုန်များ တွင် လက်ဝတ်ရတနာ၊ နာရီများ၊ စတီးလ်ထုတ်ကုန်များ၊ စည်သွပ်ပင်လယ်စာများနှင့် ခရီးသွား ကုန်ပစ္စည်းများပါဝင်ပြီး ကျောက်မြတ်ရတနာများ၊ နာရီများ၊ အသားထုတ်ကုန်များ၊ ဆေးဝါးများ နှင့် ဓာတ်မြေဩဇာများမှာ အဓိကသွင်းကုန်များတွင် ပါဝင်ကြောင်း သိရပါသည်။ ဆက်စပ်သည့် ဖွံ့ဖြိုးတိုးတက်မှုများတွင် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Suchart Chomklin က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်း ဆွေးနွေးရေးကော်မတီက ဆွေးနွေးမှုများကို ယခုနှစ်တွင် အပြီးသတ်ရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ကော်မတီနှင့် ဆပ်ကော်မတီတို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ဘန်ကောက်မြို့တွင်တွေ့ဆုံ၍ အဓိကကိစ္စရပ်များကို ဖြေရှင်းရန်ရှိကြောင်း သိရပါသည်။ Mr Suchart က ထိုင်းနိုင်ငံသည် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA)ကို အပြည့်အဝပံ့ပိုးကြောင်း၊ အောင်မြင်စွာစာချုပ်ချုပ်နိုင်ပါက အာဆီယံ၏ မြောက်အမေရိက နှင့် ပထမဆုံး FTA ဖြစ်လာမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူယုံကြည်မှု အရှိန်မြှင့်တင်ပေးနိုင်ရုံ သာမက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံအကြား ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂.၉၅ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။
Bangkok Post
DOCA(ရန်ကုန်)