သကြားတန်ချိန် ၁ သန်း ပြည်ပတင်ပို့ရန် အိန္ဒိယအစိုးရ ခွင့်ပြု

Powered by Drupal

          အိန္ဒိယပြည်တွင်းဈေးကွက်၌ သကြားဈေးနှုန်းများ ကျဆင်းလျက်ရှိနေချိန်တွင် သကြား စက်ရုံများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဈေးနှုန်းများရရှိစေရန်အတွက် ပြည်ပသို့ သကြားတန်ချိန် ၁ သန်း တင်ပို့ရန် အစိုးရက ခွင့်ပြုထားသည်ဟု ကုန်သည်သတင်းအရင်းအမြစ်များအရ သိရှိရပါ သည်။

          သကြားစက်ရုံများမှ ကြံစိုက်တောင်သူများသို့ ငွေပေးချေမှုကို အထောက်အပံ့ဖြစ်စေရန် အတွက် သကြားတင်ပို့မှုကို ခွင့်ပြုပေးသင့်သည်ဟု အိန္ဒိယသကြားနှင့်ဇီဝစွမ်းအင်ထုတ်လုပ်သူများ အသင်း (ISMA) နှင့် သကြားစက်ရုံလုပ်ငန်းများသမဝါယမအသင်းချုပ်တို့က တောင်းဆိုထားခဲ့ကြ ပါသည်။ ISMA အသင်းက သကြားတန်ချိန် ၂ သန်း တင်ပို့ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း အစိုးရ အနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပိုလျှံမှုရှိပါက အီသနောလောင်စာအဖြစ် ပြောင်းလဲ သုံးစွဲရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး အမှန်တကယ်ပိုလျှံမှုအပေါ် အခြေခံ၍သာ မည်မျှတင်ပို့ခွင့်ပြုမည်ကို ဆုံးဖြတ်မည်ဖြစ်သည်ဟု စားနပ်ရိက္ခာ အတွင်းဝန် Sanjeev Chopra က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ပြောကြားထားခဲ့သည်။

          အစိုးရ၏ ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ခဲ့သည့် ယခုနှစ် ဈေးကွက်ရာသီတွင် သကြားတန်ချိန် ၃၂ သန်း ထွက်ရှိမည်ဟုခန့်မှန်းထားပြီး၊ ပြည်တွင်း စားသုံးမှုသည် တန်ချိန် ၂၈.၅ သန်းမှ ၂၉ သန်း ကြားရှိနိုင်ကြောင်း၊ တန်ချိန် ၄ သန်းကို အီသနော ထုတ်လုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ယခင်နှစ် ဈေးကွက်ရာသီမှ လက်ကျန်တန်ချိန် ၇.၉ သန်းကို ထည့်သွင်းတွက်ချက်ပါက ယခုနှစ် ဈေးကွက်ရာသီပိတ်သိမ်းချိန် ၂၀၂၅ ခုနှစ် စက်တင်ဘာ လကုန်တွင် လက်ကျန်တန်ချိန် ၆.၉ သန်းရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ပြည်တွင်း၌ သကြားစားသုံးမှုကို တစ်လလျှင် တန်ချိန် ၂.၄ သန်းနှုန်းဖြင့် နှစ်လခွဲကာလ အတွက် တန်ချိန် ၆ သန်းခန့်ကို ကြံကြိတ်ဝါးသည့် ရာသီအစကာလ၌ အရန်ရိက္ခာထားရှိရန် အစိုးရ က ရည်ရွယ်ထားရှိရာ အဆိုပါတွက်ချက်မှုအရ တန်ချိန် ၁ သန်းခန့်သာ ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ် ပါသည်။

          အိန္ဒိယနိုင်ငံ၌ သကြားတင်ပို့မှုကို တားမြစ်ထားခြင်းမရှိသော်လည်း ပြည်ပသို့သကြားတင်ပို့ လိုပါက  စားနပ်ရိက္ခာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက စည်းကမ်းသတ်မှတ် ထုတ်ပြန်ထားသည်။ စားနပ်ရိက္ခာ ဝန်ကြီးဌာနသည် လွန်ခဲ့သော ဈေး ကွက်ရာသီအတွင်း သံတမန်လမ်းကြောင်းမှတစ်ဆင့် မေတ္တာရပ်ခံသည့် သကြားတင်ပို့ခွင့် ကိစ္စရပ် များမှအပ မည်သည့်ခွင့်ပြုမိန့်ကိုမျှ ထုတ်ပေးခဲ့ခြင်းမရှိသဖြင့် သကြားတင်ပို့မှုမှာ ထိရောက်စွာ ထိန်းချုပ်ထားသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။ 

          အိန္ဒိယသကြားဇီဝစွမ်းအင်ဖိုရမ်၏ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ Samarth SSK ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ Dilip Patil က ပြည်တွင်း၌ သကြားထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိပြီး အစိုးရ၏ လုပ်ဆောင်မှုက ထုတ်လုပ်မှုအဆင့်များအပေါ် သက်ရောက်မှုမရှိစေရန် သေချာခိုင်မာကြောင်းနှင့် ယခု တင်ပို့ခွင့်ပြုခြင်းသည် ပြည်တွင်းထုတ်လုပ်မှု ဆက်လက်တည်ငြိမ်စေခြင်းနှင့်အတူ ဈေးကွက် အတွင်း ယုံကြည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

          အိန္ဒိယသကြားစက်ရုံပိုင်ရှင်များအနေဖြင့် ပြည်တွင်းဈေးကွက်၌ ‌လျော့ဈေးဖြင့် ရောင်းချ နေသည့် S-grade အဆင့်သကြားသည် ကမ္ဘာ့ဈေးကွက်တွင် သိသာထင်ရှားသည့် အရည်အသွေး မြင့် ရောင်းတန်းဝင် သကြားအမျိုးအစားအဖြစ် ရောက်ရှိလာမည်ကို မကြာမီသိရှိလာလိမ့်မည်ဖြစ် ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားပါသည်။

Source : The Hindu Business Line, January 19, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)