၂၀၂၃ ခုနှစ်၌ စံချိန်တင်ထွက်ရှိသော စပါးတန်ချိန် ၂၀.၄၆ သန်းကို ကျော်လွန်ပြီး ၂၀၂၅ ခုနှစ်တွင် စပါးအထွက်ပမာဏ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန်ဖြစ်သူ Francisco Tiu Laurel Jr. ကပြောကြားထားပါသည်။
စပါးပိုမိုထွက်ရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဘတ်ဂျက်ရန်ပုံငွေလျာထားချက်ကို ပြင်ဆင်ရန် သမ္မတ Ferdinand Marcos Jr. က ညွှန်ကြား ထားကြောင်း၊ ၂၀၂၃ ခုနှစ်၌ထွက်ရှိမှုထက် ယခုနှစ်တွင် စပါးပိုမိုထွက်ရှိအောင် လုပ်ဆောင်နိုင်မည် ဟု မျှော်မှန်းထားကြောင်းဖြင့် Tiu Laurel က ပြောဆိုခဲ့ခြင်းဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်၏ ကာလရှည်ခြောက်သွေ့မှုဒဏ်နှင့် လာနီညာဖြစ်စဉ်၏ ရေလွှမ်းမိုးမှုဒဏ်များကြောင့် ဖိလစ်ပိုင်နိုင်ငံ ၏ ၂၀၂၄ ခုနှစ်၌ စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၉.၃ သန်းသို့ ကျဆင်းခဲ့သည်။
ဆန်ဖူလုံမှုကို တိုးမြှင့်နိုင်ရန်အတွက် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့အနေဖြင့် ဆန်စပါးဝယ်ယူရေးအစီအစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် သိုလှောင်ရုံ အပြည့် သိုလှောင်ထားနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထွက်လုပ်မှုအပိုင်း၌ စိန်ခေါ်မှုများရှိသော် လည်း စပါးတန်ချိန် ၃၀၀၀၀၀ ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်၌ ဝယ်ယူခဲ့ သည့် ပမာဏအတိုင်း ဝယ်ယူသိုလှောင်သွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းခဲ့သော ဆန်စပါး အကောက်ခွန်ဥပဒေအရ စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သည် တစ်နိုင်ငံလုံးစားသုံးမှု၏ ၉ ရက်တာ အတွက် သိုလှောင်မှုမှ ၁၅ ရက်တာအတွက် လိုအပ်သော ပမာဏအထိ အရန်ဆန်ကို တိုးမြှင့် သိုလှောင်ရမည်ဖြစ်ကြောင်း၊ စပါးအထွက်ကျဆင်းခြင်း၊ အစိုးရ၏ စပါးဝယ်ယူမှုမြင့်တက်ခြင်းနှင့် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းလျော့ချပေးခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၄.၇၅ သန်းအထိ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
အစိုးရအနေဖြင့် ဆန်တင်သွင်းမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိနေစဉ် ပြည်တွင်း ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့်ဆန်၏ လက်လီဈေးနှုန်းအား တစ်ကီလိုဂရမ်လျှင် ၅၈ ပီဆိုနှုန်းဖြင့် သတ်မှတ် ထားပြီး ကုန်သည်များအမြတ်ထုတ်နေမှုကို ကာကွယ်တားဆီးပေးလျက်ရှိကြောင်းသိရှိရပါသည်။
Source : Manila Standard, January 20, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)