အရန်သိုလှောင်ထားသည့်ဆန်များအား ပြည်တွင်း၌ လျှော့ဈေးဖြင့် အိန္ဒိယအစိုးရ ရောင်းချ

Powered by Drupal

          အိန္ဒိယနိုင်ငံ၌ ပြည်နယ်များနှင့် အီသနောထုတ်လုပ်သူများထံသို့ အရောင်းမြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုအစီအမံများကို ပံ့ပိုးကူညီရန်အတွက် ဗဟိုအစိုးရသည် အိန္ဒိယ စားသောက်ကုန် ကော်ပိုရေးရှင်း (FCI) လက်ဝယ်တွင် သိုလှောင်ထားရှိသော အရန်ဆန်များအား ပြင်ပဈေးကွက်သို့ ရောင်းချမှု အစီအစဉ် (Open Market Sale Scheme) အောက်၌ ဆန် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) အပေါ် ရူပီး ၅၅၀ လျှော့ချလျက် သီးခြားအနိမ့်ဆုံးဈေးနှုန်းအသစ်ကို ရူပီး ၂၂၅၀ နှုန်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

          စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ချက်အရ ပြည်နယ်အစိုးရအဖွဲ့များနှင့် နိုင်ငံပိုင် ကော်ပိုရေးရှင်းများ အနေဖြင့် အများဆုံး ဆန်တန်ချိန် ၁၂ သိန်းအထိ ဝယ်ယူနိုင်ခွင့်ရှိကြောင်း၊ အီသနောပေါင်းခံစက်ရုံများအတွက် ဆန်တန်ချိန် ၂၄ သိန်းအထိကို အဆိုပါ လျှော့ဈေးဖြင့် ဝယ်ယူ ခွင့်ပြုထားကြောင်း၊ ၎င်းကဏ္ဍနှစ်ခုလုံးအတွက် ယခင်သတ်မှတ်ထားခဲ့သည့် သီးခြားစျေးနှုန်းမှာ ရူပီး ၂၈၀၀ ဖြစ်ကြောင်း သိရပါသည်။

          FCI ကော်ပိုရေးရှင်းသည် အပတ်စဉ် အီလက်ထရောနစ်စနစ်ဖြင့် ပြုလုပ်သည့် လေလံပွဲများ မှတစ်ဆင့် ဆန်လက်ကျန်များ ရောင်းချခြင်းကို စီမံခန့်ခွဲမည်ဖြစ်ပြီး ပြန်လည်ပြင်ဆင်ထားသည့် ဈေးနှုန်းမူဝါဒအတိုင်း ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

          ပုဂ္ဂလိကကုန်သည်များနှင့် သမဝါယမအသင်းအဖွဲ့များ အနေဖြင့်မူ ဆန်တစ်ကွင်တယ်လျှင် မူလနှုန်းထားအတိုင်း ရူပီး ၂၈၀၀ နှုန်းပေးချေရမည်ဖြစ်ပြီး NAFED, NCCF နှင့် Kendriya Bhandar ကဲ့သို့သော ဘာရတ် (Bharat) အမှတ်တံဆိပ်ဖြင့် ဆန်ရောင်းချပေးလျက်ရှိသည့် ဗဟိုသမဝါယမ အသင်းဖွဲ့များသည် ၁ ကွင်တယ်လျှင် ရူပီး ၂၄၀၀ နှုန်းဖြင့် ပေးချေဝယ်ယူရမည်ဖြစ်ကြောင်း၊ ၂၀၂၄ -၂၅ ဘဏ္ဍာနှစ်အတွင်း အီသနောလီတာ ၁၁၀ ကုဋေခန့်အတွက် တတိယအကြိမ် တင်ဒါခေါ်ယူ ရာတွင် FCI ဆန်ကို အသုံးပြုရမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသည့် ဆန်ဟောင်းများကို ဦးစားပေး အသုံးပြုရန် စားနပ်ရိက္ခာဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရပါသည်။

Source: Business Standard, 17 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)