၂၀၂၅ ခုနှစ်၌ စားအုန်းဆီဈေးနှုန်းများပျမ်းမျှအားဖြင့် မြင့်တက်မည်ဟု ရိုက်တာစစ်တမ်းက ဖော်ပြ

Powered by Drupal

          စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားသည် စားအုန်းဆီကို အချိုးကျရောနှော အသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှုအား မြှင့်တင်ထားသောကြောင့် မလေးရှားစားအုန်း ဆီကြမ်း (CPO) ၏ အနာဂတ် အလားအလာမှာ ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ဈေးနှုန်း ပိုမိုမြင့်တက်လာ မည်ဟု စစ်တမ်းကောက်ယူမှုအရ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ၂၁-၁-၂၀၂၅ ရက် နေ့တွင် ဖော်ပြထားသည်။

          စားအုန်းဆီ တစ်တန်၏ ပျမ်းမျှဈေးနှုန်းသည် ယခုနှစ်တွင် ရင်းဂစ် ၄၃၅၀ (အမေရိကန် ဒေါ်လာ ၉၇၂.၀၇) ရှိပြီး ၂၀၂၄  ခုနှစ်၌ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ကုန်သည်များ၊ လေ့လာသုံးသပ်သူများနှင့် စားအုန်းဆီနယ်ပယ်၌ လုပ်ငန်း ပါဝင်ဆောင်ရွက်သူ ၁၁ ဦး၏ ပျမ်းမျှခန့်မှန်းချက်အရ သိရှိရကြောင်း ရိုက်တာက ပြောဆိုပါသည်။

          ဆိုးရွားသောရာသီဥတုက ရောင်းလိုအားကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း ဈေးကွက်အပိတ် ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် ၄၁၂၈ ရင်းဂစ် ဖြင့် ယခင်နှစ်ထက် ၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၂ နှစ်ခွဲတာ ကာလ အတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

          အင်ဒိုနီးရှား၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်းရောနှောအသုံးပြုမည့် ဇီဝဒီဇယ် (B40) အစီအစဉ် ကို ခွင့်ပြုခဲ့ပါက  ပြည်ပသို့စားအုန်းဆီတင်ပို့နိုင်မှုကို လျော့ကျသွားစေမည်ဖြစ်ပြီး ရလဒ် အနေဖြင့် မလေးရှားစားအုန်းဆီ တင်ပို့မှုကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း  မွမ်ဘိုင်းအခြေစိုက် စားသုံး ဆီလုပ်ငန်းတစ်ခုဖြစ်သော Sunvin Group မှ သုတေသနအကြီးအကဲ Mr. Anilkumar Bagani က ပြောကြားခဲ့သည်။

          အင်ဒိုနီးရှား၏ ဇီဝဒီဇယ်၌ စားအုန်းဆီအချိုးကျရောနှော အသုံးပြုမှုကို ၂၀၂၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည့် အစီအစဉ်သည် စားအုန်းဆီကြမ်း တန်ချိန် ၁.၂ သန်းမှ ၁.၇ သန်းအထိ ထပ်မံ လိုအပ်မည်ဖြစ်သည်ဟု မလေးရှားစားအုန်းဆီအသင်းမှ အမှုဆောင်အရာရှိချုပ် Mr. Roslin Azmy Hassan က ပြောကြားခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်ကြုံတွေ့ရမှုကြောင့် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုကိုလျော့ကျစေပြီး စျေးနှုန်းမြင့် တက်မှုကို အထောက်အကူဖြစ်စေလျက်ရှိကြောင်း၊ ထို့အပြင် အင်ဒိုနီးရှားသည် ဇီဝဒီဇယ်မူဝါဒကို အထောက်အပံ့ဖြစ်ရန် ပို့ကုန်အခွန် တိုးမြှင့်ကောက်ခံမည်ဆိုပါက စားအုန်းဆီ စျေးနှုန်းကို ထပ်မံ တိုးမြင့်စေမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

          အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဇီဝဒီဇယ်သုံးစွဲမှု အစီအစဉ်ကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်ရန် အတွက် စားအုန်းဆီကြမ်းတင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုအား ၇.၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် စီစဉ်နေသော်လည်း နည်းဥပဒေတစ်ရပ်ချမှတ်ရန် လိုအပ်နေသေးကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။

          တောင်အမေရိကမှ ပဲပုပ်ဆီများ၏ ရောင်းလိုအား မြင့်မားလာခြင်းသည် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖွယ်ရှိကြောင်း နယူးဒေလီအခြေစိုက် ကုန်သည်တစ်ဦးက ပြောဆို သည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ စားအုန်းဆီ အထွက်ပမာဏ အနည်းငယ် တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ အင်ဒိုနီးရှား၏ ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၁.၉ ရာခိုင်နှုန်း ပိုမိုလျက် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၄၉ ဒသမ ၈ သန်းအထိ တိုးတက်လာမည်ဟု စစ်တမ်းအရ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

          ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီ တန်ချိန် ၁၉.၅ သန်းထုတ်လုပ်မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် ၀.၈၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်းနှင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှုအများဆုံးနှစ်ဟု ခန့်မှန်းထား ကြောင်း ဖော်ပြထားသည်။

          ဆိုးရွားသောရာသီဥတု၊ လုပ်သားရှားပါးမှုနှင့် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုနည်းပါးခြင်းတို့က မလေးရှားနိုင်ငံ၏ စားအုန်းဆီအထွက်နှုန်း တိုးတက်မှုအလားအလာအပေါ် သက်ရောက်ဆဲဖြစ် သည်ဟု စားအုန်းဆီလုပ်ငန်းဆိုင်ရာ အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ရိုက်တာ စစ်တမ်း ဖော်ပြချက်ကို တင်ပြလိုက်ရပါသည်။ (၁ ဒေါ်လာ = ရင်းဂစ် ၄.၄၇၅၀)

Source: Reuters, 21st Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)