တိုင်ထောင်ပဲ(ခေါ်)ပဲတောင့်ရှည်စိုက်ပျိုး ဝင်‌ငွေတိုး

Powered by Drupal

          ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်)မျိုးဟူ၍ရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်ရှည်မှာ (၂)ပေကျော်ထိရှိနိုင်ပြီး အရောင် အားဖြင့်အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိနေပါသည်။ ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်းစိုက်ပျိုးလိုပါက သဲဆန် သောမြေတွင် စိုက်ပျိုးကြသည်။ အလွန်ချဥ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံးမြေချဥ်ငံဓာတ်မှာ (၆-၇)အတွင်းဖြစ်သည်။ အပူချိန်(၁၀)ဒီဂရီစင်တီဂရိတ်အောက် အေးပါက သီးပွင့်မှုကိုနှောင့်နှေးစေသည်။ အလွန်ပူသောရာသီ(သို့မဟုတ်) မိုးအလွန်များပါကလည်း အပွင့်အသီးကိုကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၂၂-၂၅) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။ ထွန်ရေးအလွန်ကောင်းအောင် မြေကိုပြုပြင်ရန်မလိုပါ။ ထွန်ရေးအသင့်အတင့်ရလျှင် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင်ရေမဝပ်သောမြေကိုရွေးချယ်ရပါမည်။ မျိုးစေ့ချရာတွင် အစိုဓာတ် များလွန်းပါက ပုပ်သွားတတ်ပါသည်။

တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြား၍ တစ်ပင်နှင့်တစ်ပင်(၉-၁၂)လက်မခွာ၍ စိုက်ပျိုးသည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသောအခါ အနည်းဆုံးခုနှစ်ပေခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်)သစ်သားတိုင်များကိုအပင်တိုင်း၏ အခြေတွင်ထောင်ပေးရသည်။ ရေဝပ်ခြင်းကင်းစေရန် အတွက်စိုက်တန်း နှစ်တန်းကြားတွင် ရေနှုတ်မြောင်းတစ်မြောင်း ပြုလုပ်ပေးရမည်။ ရာသီဥတု သင့်တော်သောဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ပဲသီးပင်များကို အရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင်ဆွတ်ခူးရသည်။ ပဲသီးတောင့်များကို ပန်းပွင့်ပြီး(၇-၁၀)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်သည်။ အပင်ပုမျိုးတစ်ဧကလျှင်(၈၀၀-၉၀၀)ပိဿာ ၊အပင်ရှည်မျိုးတစ်ဧကလျှင် (၂၀၀၀)ပိဿာကျော်ထိ ထွက်ရှိနိုင်ပါသည်။

မိုးအကုန်ဆောင်းအကူး ကာလများတွင် အများဆုံးစိုက်ပျိုးသော ပဲတောင့်ရှည်(ခ) တိုင်ထောင်ပဲများ ယခုအချိန်တွင် လှိုင်လှိုင်ထွက်ရှိနေပါသည်။ မြို့နယ်အလိုက်တောင်သူအများစုမှာ အပိုဝင်ငွေများရရှိအောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ စိုက်စရိတ်လည်း သက်သာသော ကြောင့်မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး(၂-၃)ရက်ခြားတစ်ခါ ခူးဆွတ်ရသောကြောင့် မိသားစု ဝင်ငွေတိုးပွားပြီးအဆင်ပြေလျက်ရှိပါသည်။

DOCA(ပဲခူး)