လူသားတို့အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ နေရေး၊ ဝတ်ရေးဟူသည့် ရေး(၃)ပါးရှိ သည့်အနက် စားရေးအတွက် စားသုံးဆီသည် အစဉ်အမြဲလိုအပ်သော စားသောက်ကုန်တစ်မျိုးဖြစ်၍ နိုင်ငံတော်မှ စားသုံးဆီကို အရေးကြီးထုတ်ကုန်တစ်မျိုးအဖြစ် သတ်မှတ်ထားရှိသည်။ သို့ဖြစ်ပါ၍ စားသုံးဆီသည် ပြည်သူ့ကျန်းမာရေး အခန်းကဏ္ဍတွင်သာမက နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍတွင် အဓိကမဏ္ဍိုင်အဖြစ်ရပ်တည်လျက်ရှိသည်။ လူသားတို့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နေ့စဉ်စားသုံးသော အစားအသောက်များတွင် ပါဝင်အသုံးပြုထားသောဆီမှ နေ့စဉ်ကျန်းမာစွာလှုပ်ရှား နိုင်စေရန် လိုအပ်သောအင်အားဓာတ်ကို အမြင့်မားဆုံးပေးနိုင်သော အစားအစာတစ်မျိုးဖြစ်၍ ခန္ဓာကိုယ် အတွက် မဖြစ်မနေလိုအပ်သော အစားအစာတစ်မျိုးဖြစ်သည်။ စားသုံးဆီသည် ဓာတုဗေဒဖွဲ့စည်းပုံအရ အဆီအက်စစ်ဓာတ်(Fatty Acid)အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ ခန္ဓာကိုယ် မှ ဗီတာမင်(A, D, E, K) စသည့် ဗီတာမင်ဓာတ်များကို စုပ်ယူနိုင်ရန်အတွက် အဆီဓာတ်လိုအပ်ကြောင်း သိရှိရသည်။ စားသုံးဆီ တွင် အမျိုးအစားအမျိုးမျိုးရှိပြီး စားသုံးရာတွင် အကျိုးသက်ရောက်မှုရရှိပုံ တူညီခြင်းမရှိ၍ လူသားတိုင်း ကျန်းမာ၍ အသက်ရှည်စွာနေလိုလျှင် မိမိစားသုံးသောဆီကို စိစစ်ဝေဖန်ခွဲခြား သုံးစွဲတတ်ဖို့ လိုအပ် ကြောင်း ကျန်းမာရေးအသိပညာပေးစာစောင်များမှ သိရှိရပါသည်။
မြန်မာလူမျိုးတို့၏ မိသားစုထမင်းဝိုင်း၌ နေ့စဉ်ချက်ပြုတ်စားသောက်မှု အလေ့အထတွင် စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ရှေးမြန်မာမင်း များ လက်ထက်ကတည်းက စားသုံးဆီကို နှစ်ခြိုက်စွာစားသုံးခဲ့ကြသည်မှစ၍ ယနေ့ခေတ်ကာလထိပင် ဖြစ်သည်။ မြန်မာလူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကတည်းက လူနေမှုနှင့် စားသောက်မှုပုံစံများ တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်စားသောက်ခဲ့ကြသည်။ ရာသီဥတုနှင့်ကိုက်ညီသည့် ဝတ်ဆင်မှု စားသောက်မှုပုံစံအမျိုးမျိုးဖြင့် နေထိုင်၍ ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည်ဖြင့် လူ့ဘဝ သက်တမ်းစေ့ နေထိုင်နိုင်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ရှေးယခင်နှင့်မတူ စားသောက်မှုပုံစံပြောင်းလဲ လာကြပြီး လူဦး ရေ တိုးလာသည်နှင့်အမျှ ခေတ်နှင့်အညီပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှ မှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်မျိုးအပါအဝင် ဖြစ်ခဲ့ သည်။ ဆီသုံးစွဲမှု မြင့်မားလာ၍ ကျန်းမာရေးဘေးဥပါဒ်ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ မြန်မာလူမျိုးတို့ အနေဖြင့် ဆီကိုလိုအပ်သည်ထက် ပိုမိုထည့်သွင်းသုံးစွဲတတ်သည့်အတွက် ယနေ့ကမ္ဘာပေါ်တွင် ဆီစား သုံးမှု မြင့်မားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည်။
မြန်မာနိုင်ငံတွင် ဆီလိုအပ်မှုမှာ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းများနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းများအားလုံးအတွက် နှစ်စဉ်ဆီတန်ချိန်(၁၁)သိန်းခန့် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ပြည်သူများအနေဖြင့် ဆီစားသုံးမှုပုံစံလျှော့ချပြီး ပြည်တွင်း စိုက်ပျိုးသီးနှံထွက် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စသည့်ကျန်းမာရေးနှင့် ညီညွှတ်သည့် မပြည့်ဝဆီများကို ပြည်သူတိုင်း သုံးစွဲခြင်းအပြင် ပြည်သူတစ်ဦးချင်းဆီမှ ဆီသုံးစွဲမှုပုံစံ ပြောင်းလဲခြင်းဖြင့် ပြည်ပနိုင်ငံများမှ ဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးကိုလည်း အထောက်အကူဖြစ်စေသည်။ ပြည်သူများအနေဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် စားသုံးဆီကို ရွေးချယ်စားသုံးတတ်ဖို့ လိုအပ်ပါသည်။ လူတိုင်းအတွက် ဆီသည် မဖြစ်မနေ လိုအပ်သော အရာဖြစ်ပြီး မိမိစားသုံးသောဆီသည် လည်း ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆီသာဖြစ်သင့်သည်။ မြန်မာ့စားသုံးသူဓလေ့အရ ဟင်းချက်၍တစ်မျိုး၊ ဆီစိမ်းအနေဖြင့်အသုပ်စုံ များတွင်လည်း ပုံစံ အမျိုးမျိုးတို့ဖြင့် စားသုံးကြပါသည်။ ဘေးအန္တရာယ်ရှိသော ဆီများကို စားသုံးမိလျှင် ကျန်းမာရေး ထိခိုက်နိုင်ပါသည်။ ထို့ကြောင့်မြန်မာ လူမျိုးတို့အနေဖြင့် ဆီသန့်ကို စိစစ်ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးပါသည်။ ခေတ်စနစ် လူနေမှုပုံစံ ပြောင်းလဲလာသည်နှင့်အမျှ ဆီများ၏ ထုတ်လုပ်ပုံ၊ ဖြန့်ဖြူးပုံတို့ပါ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပါ သည်။ လူတို့နေ့စဉ်စားသုံးသောဆီများမှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ဖြစ်သည်။ ဓာတ်သဘာဝအားဖြင့် ပြည့်ဝဆီနှင့် မပြည့်ဝဆီနှစ်မျိုးရှိရာ ပြည့်ဝဆီများမှာ လူတို့၏ကျန်းမာရေးကို ထိခိုက်စေပြီး မပြည့်ဝဆီအမျိုးအစားများမှာ လူသားတို့၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ ပြည့်ဝဆီမှာ တိရိစ္ဆာန်မှရရှိသောအဆီ၊ အုန်းဆီ၊ စားအုန်းဆီတို့ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် အထူး ရှောင်ရှားရမည့်ဆီများဖြစ်သည်။ မပြည့်ဝဆီမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးစေ့ဆီ၊ ပဲပိစပ်ဆီ၊ ထောပတ်ဆီတို့ဖြစ်ပြီး နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီတို့မှာ ကျန်းမာရေးအတွက် အထူးစားသုံးပေးသင့် သော ဆီများဖြစ်သည်။
ယနေ့ခေတ်ကာလတွင် ပြည်သူအများစုသည် ပြည်တွင်းသီးနှံထွက် မြေပဲ၊ နှမ်း၊ နေကြာဆီ များထက် ဈေးသက်သာသော ပြည့်ဝဆီအမျိုးအစား စားအုန်းဆီများကို ဝယ်ယူစားသုံးမှု မြင့်မားလျက်ရှိ ၍ ကျန်းမာရေးဆိုးကျိုးများစွာရှိ၍ တစ်မျိုးသားလုံး၏ကျန်းမာရေးကို ထိခိုက်စေ၍ ကျန်းမာရေးအနေ ဖြင့် အထူးရှောင်ရှားသင့်သော ဆီတစ်မျိုးဖြစ်ပါသည်။ ပြည့်ဝဆီများ စားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ် အတွင်းရှိ သွေးကြောနံရံများကပ်ပြီး သွေးကြောများ ကျဉ်းစေခြင်းမှစ၍ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ၊ အသဲရောဂါမျိုးစုံနှင့် ရောဂါဆန်း များ ဖြစ်ပေါ်ခြင်းအပြင် အရွယ်မတိုင်ခင် သေဆုံးခြင်းများဖြစ်ပေါ်စေပါသည်။ ကျန်းမာရေးဘေးဥပါဒ် ဖြစ်စေသော ဆီများကို တစ်ရက်၊ တစ်လ၊ တစ်နှစ် စားသုံးရာတွင် မသိသာသော်လည်း ဆယ်စုနှစ်ခန့် ကြာရှည်စွာ စားသုံးခြင်းဖြင့် ရောဂါမျိုးစုံ ဖြစ်ပေါ်လာ၍ အသက်ဆုံးရှုံးမှု များလာပြီး ကုသရသည့် ငွေကြေးပမာဏအပြင် နိုင်ငံတော်အတွက်လည်း လူသားအရင်းအမြစ်များ ဆုံးရှုံးပြီး နိုင်ငံစီးပွားရေး ကဏ္ဍတွင်လည်း များစွာထိခိုက်စေ၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(အာဟာရဌာနခွဲ)မှ စားသုံးသူများ အနေဖြင့် အသက်အုပ်စုအလိုက် တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော ဆီစားသုံးရမည့်ပမာဏ ကို လမ်းညွှန်မှုများ ပြုထားပါသည်။ လူတစ်ဦး တစ်ရက်လျှင် ပျမ်းမျှ ဆီ(၂)ကျပ်သား၊ တစ်လ(၅၀) ကျပ်သား၊ တစ်နှစ်(၆)ပိဿာနှုန်းဖြင့် စားသုံးရမည့်ဆီပမာဏကို လမ်းညွှန်ထားခြင်းဖြစ်၍ စားသုံးသူများ မှ အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
ယနေ့ခေတ်မြန်မာလူမျိုးများသည် စားသုံးဆီကို လိုအပ်သည်ထက် စားသုံးနေ၍ နေရာဒေသ ဓလေ့အလိုက် ဆီစားသုံးမှုခြင်း မတူညီသော်လည်း ဆီစားသုံးမှုမှာ လူတစ်ယောက် စားသုံးရန်လိုအပ်တဲ့ ဆီပမာဏထက် များနေလျက်ရှိကြောင်း သိရှိရသည်။ အချို့တိုင်းရင်းသားလူမျိုး အတော်များများ၏ ဟင်းလျာများထဲတွင် ဆီလုံးဝမပါရှိသော်လည်း အသက်ရှည်ကျန်းမာစွာနေကြသည်ကိုလည်း တွေ့ရှိရပါ သည်။ ပြည်သူများအနေဖြင့် သက်ရှည်ကျန်းမာစွာနေထိုင်ဖို့ ဆီစားသုံးမှုလျှော့ချဖို့ အဓိကလိုအပ်လျက်ရှိ သည်။ စားအုန်းဆီတွင် မြေပဲဆီ၊ နှမ်းဆီထက်၊ ပြည့်ဝဆီ(၂)ဆကျော်နီးပါး ပါရှိနေကြောင်း တွေ့ရှိရ၍
လူတို့၏ကျန်းမာရေးကို အန္တရာယ်ရှိစေ၍ ပြည်သူအများ စဉ်းစားဆင်ခြင် ရှောင်ကျဉ်ဖို့ လိုအပ်ပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရန်အတွက် ဘေးအန္တရာယ်ရှိသော မပြည့်ဝဆီများကို ရှောင်ရှားပြီး ကျန်းမာရေးနှင့်ညီညွှတ်သော ပြည်တွင်းစိုက်ပျိုးသီးနှံထွက် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို သုံးစွဲသင့် ပါသည်။ ထို့ကြောင့် စားသုံးသူများသည် ဆီကို ရွေးချယ်စားသုံးရာတွင် အရသာရှိရုံသာမက အာဟာရ တန်ဖိုးနှင့် သက်စောင့်ဓာတ်များ (Antioxident)ရရှိရန်အပြင် မိမိစားသုံးသောဆီကြောင့် မိမိအပေါ် ဘေးဥပါဒ်ကင်းဝေးစေရန်လည်း အရေးကြီးလှပါသည်။ ဆီကိုမဖြစ်မနေစားသုံးရန် လိုအပ်သည်မှာ မှန်သော်လည်း ဘေးအန္တရာယ်ကင်းပြီး အာဟာရတန်ဖိုးနှင့်ပြည့်ဝသော ဆီပင်ဖြစ်စေကာမှု များများ စားသုံး၍မသင့်ပါ။ မိမိကျန်းမာရေးအတွက် ဆီကို လျှော့စားသုံးသင့်ပြီး စားသုံးသောဆီသည်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆီသာဖြစ်သင့်ပါသည်။
နိုင်ငံတော်အစိုးရမှ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်ရွယ်ချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး နိုင်ငံစီးပွားရေးဦးတည်ချက်နှင့်အညီ ပြည်တွင်း စားသုံးဆီ ဖူလုံရေး၊ ဆီထွက်သီးနှံကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရေးနှင့် ပြည်တွင်းဆီစက်များ ကြံ့ခိုင်ပြီး ခေတ်မီနည်းစနစ်များဖြင့် စက်စွမ်းအားအပြည့် လည်ပတ်နိုင်စေရေးအတွက် နိုင်ငံတော်မှ အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီမှ ပြည်သူ့ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိ သည်။
စားသုံးဆီသည် ပြည်သူများ၏ ကျန်းမာရေးအခန်းကဏ္ဍတွင်သာမက နိုင်ငံတော်၏ စီးပွား ရေးအခန်းကဏ္ဍတွင် ပါဝင်နေခြင်းဖြစ်၍ မဏ္ဍိုင်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စားသုံးပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ စားသုံးပြည်သူများမှလည်း မှန်ကန်သောအသိ၊ သတိတို့ဖြင့် ချင့်ချိန် ရွေးချယ်စားသုံးတတ်သည့် အလေ့အကျင့်ပြုလုပ်ပြီး တစ်ဦးချင်းစီ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး သို့မှသာ အနာဂတ်၌ စားသုံးသူအခန်းကဏ္ဍတွင် နိုင်ငံတော်၊ စားသုံးပြည်သူများနှင့် စီးပွားရေးလုပ်ငန်း ရှင်များ သုံးဦးသုံးဖလှယ် အကျိုးရှိလာနိုင်မည်ဖြစ်ပါသည်။ မြန်မာလူမျိုးများ နေ့စဉ်ချက်ပြုတ်စားသုံး နေရသော စားသုံးဆီမှသည် လူနေမှုဘဝများအတွက် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ မှ ကင်းဝေးကြစေရန်ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
DOCA(မကွေး)