စားနပ်ရိက္ခာဖူလုံမှု အရေးပေါ်အခြေအနေ ရောက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရ ကြေညာ

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တစ်ကီလိုဂရမ်လျှင် ပီဆိုငွေ ၅၀ မှ ၆၀ အထိ ဈေးနှုန်းမြင့်တက်နေ သည့်အတွက် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံမှု အရေးပေါ်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေ သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel က လှည့်လည်စာ အမှတ် (၃) (Circular No. 3) ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အရေးပေါ်အခြေအနေက အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ အနေဖြင့် အရန် သိုလှောင်ထားရှိမှုမှ ဆန်များကို ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးခွင့်ရရှိစေပြီး စားသုံးသူများထံသို့ တစ်ကီလိုဂရမ်လျှင် ၃၈ ပီဆိုနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့တွင် သမ္မတက လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် လယ်ယာထွက်ကုန်ဆိုင်ရာ အကောက်ခွန် စည်းကြပ်ခြင်းဥပဒေ၌  ကုန်စည်ပြတ်လပ်မှု သို့မဟုတ် ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းကဲ့သို့သော ထူးခြားဖြစ်စဉ်များအပေါ် ဖြေရှင်းဆောင်ရွက်ရန် ဖော်ပြထားရှိခြင်းသည် ယခုကဲ့သို့ လုပ်ဆောင်မှု အား ကျောထောက်နောက်ခံပြုလျက်ရှိပါသည်။

          စိုက်ပျိုးရေးဦးစီးဌာန၏ လှည့်လည်စာ၌ သာမန်ကြိတ်ခွဲမှုအဆင့်နှင့် ကောင်းမွန်စွာကြိတ်ခွဲ ထားသည့်အဆင့်ရှိသော ဆန်များ၏ ဈေးနှုန်းများသည် ၂၀၂၃ ခုနှစ် ဇူလိုင်လကထက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၁၉-၂၀ ရာခိုင်နှုန်းခန့်အထိ ပိုမိုမြင့်မားလာသည်ဟု ဖော်ပြထားသည်။ အဆိုပါဌာန အနေဖြင့် ဆန်လက်လီရောင်းချသူများအကြား ယှဉ်ပြိုင်မှုကို တွန်းအားပေးရန်နှင့် ဆန်ဈေးနှုန်း များ သိသာစွာလျှော့ချနိုင်ရန်အတွက် လစဉ် ဆန်တန်ချိန် ၃၀၀၀၀ နှုန်းဖြင့် အရန်သိုလှောင်ထား ရှိမှုမှ ဆန်တန်ချိန် ၃၀၀၀၀၀ ကို ဈေးကွက်သို့ ဖြန့်ဖြူးမည်ဖြစ်သည်။ သို့ဖြစ်ရာ ဆန်ဖူလုံရေး အရေးပေါ်အခြေအနေ ကာလသည် ၁၀ လ ကြာ သတ်မှတ်သည်ဟု မှတ်ယူနိုင်သည်။ စားနပ် ရိက္ခာအာဏာပိုင်အဖွဲ့သည် ဒေသခံတောင်သူလယ်သမားများထံမှ ရိတ်သိမ်းထွက်ရှိသော ဆန် စပါးများကို အရန်ရိက္ခာအတွက် ဝယ်ယူဖြည့်ဆည်းသွားမည်ဖြစ်သည်။ 

          စားနပ်ရိက္ခာဖူလုံမှု အရေးပေါ်အခြေအနေ၌ ဦးစားပေးတစ်ရပ်အနေဖြင့် မနီလာမြို့တော်ရှိ ဈေးကွက်များတွင် ပြည်ပမှ တင်သွင်းသည့်ဆန်များ၏ အမြင့်ဆုံးလက်လီဈေးနှုန်း သတ်မှတ်ချက် ကို တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက် နေ့မှ စ၍ ပြည်ပဆန် တစ်ကီလိုဂရမ်လျှင် ၅၅ ပီဆိုနှုန်းဖြင့် ဈေးနှုန်းကန့်သတ်သွားမည်ဖြစ်ပြီး မတ်လ တွင် ၄၉ ပီဆို အထိ ဈေးနှုန်းလျော့ချသွားရန် ရည်မှန်းထားကြောင်း၊ အမျိုးသား ဈေးနှုန်းပေါင်းစပ် ညှိနှိုင်းရေးကောင်စီသည် ဆန်ဈေးနှုန်းမြင့်တက်ခြင်း သို့မဟုတ် ဆန်ပြတ်လပ်မှုဖြစ်ပေါ်ခြင်း နှင့် စပ်လျဉ်း၍ သာမန်ထက်ထူးကဲသည့် အခြေအနေရှိ/မရှိ ဆန်းစစ်သည့် ပုံသေနည်းတွက်ချက်မှုကို  လေးလတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြ ထားပါသည်။

Source : The Philippine Star, February 3, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)