၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်နမ်-အမေရိကန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော်ခဲ့ပြီး ဗီယက်နမ်က ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ရရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ် နိုင်ငံ အထွေထွေစာရင်းအင်းရုံး၏ အဆိုအရ သိရပါသည်။ ထိုလတွင် ဗီယက်နမ်သည် အမေရိကန် သို့ အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံတန်ဖိုး တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးကျွမ်းကျင်ပညာရှင် များက အမေရိကန်သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာလုပ်ငန်းစဉ်များ တိုးချဲ့ ရန် ရှာဖွေရာတွင် အရေးပါသောဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် အမေရိကန်ထံမှ နည်းပညာမြင့်ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် မိုက်ခရိုချပ်စ်နှင့် ဆီမီးကွန်ဒတ်တာ တို့တွင် သိသာထင်ရှားစွာဆွဲဆောင်လျှက်ရှိကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်သည် အမေရိကန်၏ တစ်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်တွင် အရေးပါသူ အဖြစ် ပေါ်ထွက်လာပြီး အမေရိကန်လုပ်ငန်းများသည်လည်း ဗီယက်နမ်၏ စီးပွားရေးအသွင် ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သိသာစွာပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရပါ သည်။ အမေရိကန်ရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံးကလည်း ပြည်တွင်းလုပ်ငန်းများအား သင့်လျှော်သောငွေပေးချေမှု စနစ်များကျင့်သုံးရန်အတွက် အမေရိကန်တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများနှင့် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာထုတ်ကုန်များနှင့် ပတ်သတ်၍ ၎င်းတို့အနေဖြင့် ကုန်ကျစရိတ်လျှော့ချရန်နှင့် ဈေးကွက်ထိမ်းချုပ်နိုင်ရန်အတွက် အဓိကဆိပ်ကမ်းများတွင် အအေးသိုလှောင်ခန်း ဝန်ဆောင်မှု နှင့် ဖြန့်ဖြူးရေးစင်တာများတွင် ရင်နှီးမြှုပ်နှံသင့်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံကျော်ခဲ့ပြီး ဗီယက်နမ်ကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံနီးပါးတန်ဖိုးရှိကြောင်း သိရပါသည်။ အမေရိကန်ဈေးကွက်သို့တင်ပို့သည့် ဗီယက်နမ်၏ အဓိကထုတ်ကုန်များတွင် ဖိနပ်၊ သစ်ပရိဘောဂ၊ စက်ပစ္စည်းနှင့် optical equipment တို့ပါဝင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)