မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ ပူးပေါင်း၍ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိနှင့် လုံခြုံစိတ်ချရမှု ရှိသော ကုန်စည်များရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ(၅) ရက်နေ့လည် (၁၃း၀၀ )နာရီတွင် ကုန်စုံဆိုင်များသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါမြို့နယ်လူသုံးကုန်နှင့် စားသုံးကုန်ပစ္စည်းများခွဲခြားရောင်းချမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့သည် မြို့နယ်တွင်း စတိုးဆိုင်ကြီးများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်အချို့သို့ ကွင်းဆင်း၍ တယ်လီဖုန်းဆင်းကဒ်တစ်ချို့နှင့် ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြား၍ ရောင်းချခြင်းမရှိရန်၊ ‘မရောင်းပါ’ ဟုဆိုသည့် စာသားကပ်ထားခြင်းမရှိစေရန်နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသော ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့် ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်း အချိုးအစား၊ ထုတ်လုပ်သည့် အမှတ်စဉ်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုး( သို့ ) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များကိုက်ညီမှုရှိ/ မရှိ စစ်ဆေးကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဆက်လက်ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ ကျင့်ဝတ် စည်းကမ်းများအညီ ရောင်းချကြရန်၊ ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်နှင့် ပြည့်စုံမှန်ကန်သောသတင်းအချက်များကို အချိန်နှင့် တပြေးညီထုတ်ပြန်စေရန်နှင့် သက်ဆိုင်ရာဌာန များမှ ပြဌာန်းထားသောဉပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူးရောင်း ချကြရန် အသိပညာပေး ဆွေးနွေးကြပြီး နေ့ ( ၁၅: ၃၀ )နာရီတွင် ကွင်းဆင်းဆောင်ရွက်မှု ပြီးစီးကြောင်း သိရသည်။
DOCA(မန္တလေး)