
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEs၊ သစ်သီးဝလံနှင့်ပြခန်းများပြပွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။ဦးစွာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြခန်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီပြခန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးပြခန်း၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်ပြခန်း၊ ပုသိမ်တက္ကသိုလ်ပြခန်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)၊ စက်မှုလယ်ယာဦးစီးဌာနပြခန်း အစရှိသည့် ဌာနဆိုင်ရာပြခန်းများနှင့် ကုမ္ပဏီများမှပြသထားသည့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ ပြခန်းတာဝန်ခံများက သိလိုသည်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပုသိမ်၊ ကျုံပျော်၊ မြန်အောင်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက် ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား ယနေ့မှ(၁၄)ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ်ခရိုင်မှ MSMEs ထွက်ကုန်ပြခန်းများနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများ၊ ဒေသအစားအစာဆိုင်ခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၁၀၀)ခန်း ပါဝင်ပြသသွားမည်ဖြစ်ကာ အများပြည်သူများ လေ့လာဝယ်ယူအားပေးနိုင်စေရေး ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
DOCA (ဧရာဝတီ)