ဗီယက်နမ်မှ မလေးရှားသို့ ရော်ဘာတင်ပို့မှု ၅ ဆကျော် မြင့်တက်

Powered by Drupal

          ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆.၁၆ သန်းရှိသော ရော်ဘာ ၃၈၄၄၂ တန်ကို တင်ပို့ခဲ့နိုင်ကြောင်းသိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့်  ၅၁၅.၇ ရာခိုင်နှုန်း (၅ ဆကျော်) နှင့် ပမာဏအားဖြင့် ၄၃၃.၅ ရာခိုင်နှုန်း (၄ ဆကျော်) မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် ပို့ကုန်သွင်းကုန်ဦးစီးဌာနက  ဖော်ပြပါသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း မလေးရှားနိုင်ငံသို့ ရော်ဘာ တင်ပို့မှုတွင် ယခုတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်ကြောင်း၊ ထိုသို့ တင်ပို့ခဲ့ခြင်းဖြင့် မလေးရှား သည် ဈေးကွက်ဝေစု ၁.၉ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်၏ စတုတ္ထအကြီးဆုံး ရော်ဘာတင်ပို့ရာ ဈေးကွက်ဖြစ်လာကြောင်း သိရှိရပါသည်။

          ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်မှ မလေးရှားဈေးကွက်သို့ တင်ပို့ခဲ့သည့် ရော်ဘာစုစုပေါင်း အနက် သဘာဝရော်ဘာစေးသည် ၇၆.၅ ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး တန်ချိန် အားဖြင့် ၂၉၄၀၈ တန်နှင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၄၂.၃ သန်းရှိကြောင်း၊ သို့သော် မလေးရှားနိုင်ငံ အနေဖြင့် ၂၀၂၃ ခုနှစ်၌ အဆိုပါ ရော်ဘာထုတ်ကုန်အမျိုးအစားကို ဗီယက်နမ်ထံမှ ဝယ်ယူတင် သွင်းမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

          မလေးရှားနိုင်ငံသည် နှစ်စဉ်ပျမ်းမျှအားဖြင့် သဘာဝရော်ဘာတန်ချိန် ၃၄၈၀၀၀ ခန့်  ထုတ် လုပ်မှုဖြင့် ကမ္ဘာ့ရော်ဘာအဓိကထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ ရော်ဘာတင်သွင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မလေးရှားသို့ ရော်ဘာပေးသွင်းသည့် နိုင်ငံများတွင် ဗီယက်နမ်သည် ဆဋ္ဌမမြောက်နေရာ၌ ရှိနေပြီး ဈေးကွက်ရရှိမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၄ ခုနှစ်၌ ၂.၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းပမာဏသည် ဗီယက်နမ်၏ ပြည်ပတင်ပို့နိုင်မည့် အလားအလာ နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသေးကြောင်း သိရှိရပါသည်။

          မလေးရှားနိုင်ငံ၏ ရော်ဘာတင်သွင်းမှုသည် လွန်ခဲ့သည့် ၅ နှစ်ကာလ တစ်လျောက် စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၌ တန်ချိန် ၁ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၃ ခုနှစ် တွင် တန်ချိန် ၁.၂၂ သန်းသို့ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လကာလအတွင်း ၆.၉ ရာခိုင်နှုန်း ထပ်မံတိုးတက်ခဲ့ကြောင်း၊  လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယ အကြီးဆုံး သဘာဝရော်ဘာထုတ်လုပ်သည့် နိုင်ငံအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ရော်ဘာစိုက် ဧရိယာ ဟက်တာ ၈၀၀၀၀၀ မှ ၈၅၀၀၀၀ အကြား တိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်မှန်းချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Viet Nam News, Feb 05, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)