မွန်ဆားကြမ်းတောင်သူများရဲ့ အခက်အခဲ

Powered by Drupal

            မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တတိယဆားအများဆုံးထုတ်လုပ်သည့် နေရာတစ်ခု ဖြစ်သည်။ ဆားကွင်းဖော်သည့်လုပ်ငန်းများကို သံဖြူဇရပ်မြို့နယ်ရှိ ပင၊ စက်စဲနှင့် ပေါင်မြို့နယ် ထန်းပေါင်ချောင်းတို့တွင် အဓိကလုပ်ကိုင်ကြသည်။ ယခင်က ဆားကြမ်းများကို စစ်တောင်းစက္ကူစက်၌ ကုန်ကြမ်းအဖြစ်အသုံးပြုခဲ့ကြပြီး နာဂစ်မုန်တိုင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်တောင်းစက္ကူစက် လည်ပတ်မှုလည်းရပ်နားသွားခဲ့သဖြင့် ဆားကြမ်းအသုံးပြုမှုနည်းသွားပြီး ဆားကွင်းမှထွက်ရှိသော ဆားများကို စားသုံးသူဈေးကွက်ထဲသို့ရောက်ရှိလာပြီး ဒေသတွင်း စားသုံးမှုအပြင် တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ဘက်သို့ တင်ပို့ရကြောင်း၊ နာဂစ်ဖြစ်ပွားပြီနောက်ပိုင်း မြိတ်၊ ထားဝယ်တို့တွင် ငါးခြောက်များပြုလုပ်ခြင်းနည်းပါးလာပြီး ဖမ်းမိသည့် ငါး၊ ပုဇွန်များကို အအေးခန်းစက်ရုံသို့ ပို့ကြသဖြင့် ယခုအခါ တနင်္သာရီတိုင်းသို့ တင်ပို့မှုနည်းပါးသွားကြောင်း သိရှိရသည်။

           ပြီးခဲ့နှစ် နိုဝင်ဘာလအတွင်း မွန်ပြည်နယ်ကထွက်ရှိသော နေလှမ်းဆားကြမ်းတစ်ပိဿာမှာ (၁၃၀) ကျပ်ဝန်းကျင်ပေါက်ခဲ့တဲ့အတွက် ဆားတောင်သူတွေအနေနဲ့က ဈေးကောင်းရတယ်လို့ ဆိုကြပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် နေလှမ်းဆားရာသီတွင် လိုင်စင်တင်ထားသည့် ဆားကွင်းဧကပေါင်း (၄၂၄၁.၉၀) ရှိပြီး ဆားကြမ်း တန်ချိန် (၄၂၅၀၁၀) လျားထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။ သို့သော်လည်း ယခုနှစ် ဒီဇင်ဘာလပိုင်းကစလို့ ဆားကွင်းအတွင်း နေလှမ်းဆားအသစ်များကို ကျုံယူနေပြီဖြစ်လို့ မကြာမီ ဈေးကွက်ထဲကို ဆားအသစ်တွေရောက်ရှိလာပါတော့မည်။ ဈေးကွက်ထဲ ဆားအသစ်တွေရောက် လာတော့မည်ဆိုလျှင် ဆားကြမ်းဈေးနှုန်းက ပြန်ကျလာနိုင်တယ်လို့လဲ ခန့်မှန်းပြောဆိုတာတွေလဲ ကြားသိရပါသည်။

          ၁၉၇၀ ခုနှစ်ခန့်တွင် စစ်တောင်းစက္ကူစက်အတွက် ပေါင်၊ ပငနှင့် စက်စဲတို့တွင် ဆားကွင်းဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်းတွင် စစ်တောင်းစက္ကူစက်ရပ်နားသွားသဖြင့် ဆားကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ် သုံးစွဲမှုနည်းသွားကြောင်း သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာမှ ဆားတောင်သူ ဦးနိုင်ဟုက ပြောကြားခဲ့ပါသည်။ ၎င်းကဆက်လက်၍ အဆိုပါ စက္ကူစက်အတွက် ဆားကြမ်းတန်ချိန် (၁၈၀၀) ခန့်ပို့ပေးရကြောင်း၊ ထို့ပြင် တနင်္သာရီဘက်က မြိတ်နှင့် ထားဝယ်တို့တွင် ရေခူဖမ်းခြင်း၊ ငါးခြောက်လုပ်ခြင်း၊ ငါးပိလုပ်ခြင်း၊ ကင်းမွန်ထည့်ခြင်းတို့အတွက် မွန်ပြည်နယ်မှ ဆားများကို တစ်နှစ်လျှင် ပိဿာချိန် ရာဂဏန်းနီးပါး ပို့ဆောင်ပေးရကြောင်း၊ သို့ရာတွင် နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း မြိတ်၊ ထားဝယ်ဘက်တွင် ငါးခြောက်လှန်းခြင်းနည်းသွားပြီး အအေးခန်းစက်ရုံမျာ တည်ဆောက်လာကြကာ ဖမ်းမိသော ငါး၊ ပုဇွန်များကို အအေးခန်းစက်ရုံသို့ ပို့ဆောင်ကြကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် တနင်္သာရီတိုင်းဘက်သို့ ဆားတင်ပို့မှု မရှိသလောက်နည်းသွားကြောင်း၊ စစ်တောင်းစက္ကူစက် ရပ်နားသွားသည့်အပြင် မြိတ်၊ ထားဝယ်ဘက်ပါ တင်ပို့မှုနည်းသွားသဖြင့် ဆားကွင်းမှာ ထွက်သမျှ ဆားများသည် ပြည်နယ်အတွင်း စားသုံးသူဈေးကွက်ကိုသာ ဦးတည်နေရကြောင်း ဦးနိုင်ဟုက ပြောကြားခဲ့ပါသည်။

       လွန်ခဲ့သည့် ဆားရာသီ (၂၀၂၀ နိုဝင်ဘာလ မှ ၂၀၂၁ ဧပြီလကုန်ထိ) တွင် Covid -19 ကာလ စီးပွားရေးကြပ်တည်းခြင်း၊ ဘဏ်မှ ငွေထုတ်ရာတွင် ခက်ခဲခြင်းတို့ကြောင့် ဆားတောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ဆားကြမ်းဈေး တစ်ပိဿာ (၅၃) ကျပ်ထိ ထိုးကျသွားကြောင်း၊ ထို့ပြင် ရာသီဥတုမှာ လာနီညာရာသီဥတုကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ဆားများ အရည်ပျော်ခြင်းကြောင့် ဆားကွင်းမှ ဆားကျုံးရာတွင် တစ်နှစ်လျှင် (၁၄) ကြိမ်ခန့်ကျုံးရသော ဆားကွင်းများသည် (၈) ကြိမ်ခန့်သာ ကျုံးလိုက်ရပြီး ဆားများ ပျက်စီးခဲ့ရကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း (၅၃) ကျပ်မှ (၆၀) ကျပ်ခန့်သာ ရရှိသဖြင့် ဆားတောင်သူများ အရှုံးကြီးရှုံးကြကြောင်း ဆားတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

         ဆားဈေးကွက်တည်ငြိမ်ရေးနဲ့ပတ်သက်လို့ ယခင်စက်မှုကုန်ကြမ်းအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း စက်ရုံများပိတ်သိမ်းမှု၊ ရပ်ဆိုင်းမှုများကြောင့် ဆားကြမ်းထွက်သော်လည်း ဈေးကောင်းမရသည့် အခြေနေများနှင့်ရင်ဆိုင်ခဲ့ရကြောင်း၊ ထိုကြောင့် လက်ရှိထွက်ရှိနေသည့် ဆားကြမ်းများထက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆားများထုတ်လုပ်ကာ ပြည်တွင်းအပြင် ပြည်ပဈေးကွက်များကိုလဲ ရှာဖွေနိုင်ရန်လိုအပ်ကြောင်းနှင့် သို့မှသာ မွန်ပြည်နယ်ထွက် နေလှမ်း ဆားကြမ်းဈေးကွက် တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း ဆား‌တောင်သူတွေရဲ့ပြောကြားချက်အရ သိရှိခဲ့ပါသည်။ ဆားကြမ်းဈေးကွက်တည်ငြိမ်ရေးအတွက် စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲရန် ထုတ်လုပ်လိုသော်လည်း အသုံးပြုမယ့် စက်ရုံတွေကမရှိလေတော့ အရည်အသွေးမြှင့် ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ရှာဖွေနိုင်ကြမှသာလျှင် ဆားဈေးကွက် အခြေအနေတစ်ခုအထိ တည်ငြိမ်လာမည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်သည်။

DOCA(မွန်)