နှစ်စဉ်ကုန်သွယ်မှု အမေရိကန်‌ဒေါ်လာ ၁၀ ဘီလီယံထိအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားနှင့် ယူအေအီးရည်မှန်း

Powered by Drupal

          အင်ဒိုနီးရှားနှင့်ယူအေအီးတို့သည် နှစ်စဉ်ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထိအရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုသဘောတူညီချက်ကို အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto နှင့် ယူအေအီး နိုင်ငံစီးပွားရေးဝန်ကြီး Abdullah Bin Touq Al Marri နှင့် 2025 World Government Summit ၏ သီးခြားအစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Hartarto က နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် I-UAE CEPA မှတစ်ဆင့် အားကောင်းစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၃ ဘီလီယံမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးနှစ်ဦးသည် ထိုသို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရည်မှန်းချက်အောင်မြင်မှုရရှိရန်အတွက် ဘက်ပေါင်းစုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အကောင်အထည်ဖော်ရန်၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ခရီးသွားကဏ္ဍ အရှိန် မြှင့်တင်ရန်လိုအပ်ကြောင်း သဘောတူညီခဲ့ကြပါသည်။ ထိုအစည်းအဝေးအတွင်း Hartarto က ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများကို အသားပေး ပြောကြားခဲ့ပြီး G42 နှင့် Masdar အစရှိသည့် ယူအေအီးကုမ္ပဏီများကို အင်ဒိုနီးရှားတွင် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ Hartarto က ခရီးသွားကဏ္ဍကြီးထွားရေးပံ့ပိုးရန် တိုက်ရိုက်လေကြောင်းလိုင်းတိုးချဲ့ရန်အဆိုပြုခဲ့ပြီး ကုန်သွယ်ရေးကြီးထွားမှုကိုပံ့ပိုးပေးရန်ကာဂို စွမ်းရည်တိုးချဲ့ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးများသည် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် မြောက်ပိုင်းဘာလီတွင် လေဆိပ်သစ်ပါဝင်သည့် လေကြောင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး Abdullah က လေဆိပ်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးသည် ခရီးသွားကဏ္ဍ နှင့် ချိတ်ဆက်မှုအရှိန်မြှင့်တင်ရန်အတွက် လေဆိပ်သစ် ၂၀၀ တည်ဆောက်ခဲ့သည့် အိန္ဒိယ အစ ရှိသည့် များစွာ‌သောနိုင်ငံများတွင် အဓိကမဟာဗျူဟာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)