
ထိုင်းနှင့်ဘူတန်တို့သည် ဖေဖော်ဝါရီလ ၁၇ မှ ၁၉ ထိ ဘန်ကောက်မြို့တွင် ကျင်းပ ခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA) အတွက် စတုတ္ထအကြိမ် မြောက် ဆွေးနွေးမှုပြီးပြတ်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က နှစ်နိုင်ငံကြားဆွေးနွေးမှုသည် ကိုးလကျော်အကြာတွင် အဆုံးသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို FTA သည်ထိုင်းနိုင်ငံ၏ ၁၇ ခုမြောက် ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ခဲ့ပြီး Mr Pichai တာဝန်ယူသည့်ကာအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ထို FTA ကို ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမည့် Bimstec Leader’s Summit တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုသဘောတူညီချက်သည် အဓိကအားဖြင့် ကုန်စည်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဓိကထားကြောင်း သိရပါသည်။ ဘူတန်သည် မော်တော်ကားများ၊ စိုက်ပျိုးမွေးမြူရေးကုန် ပစ္စည်းများ၊သစ်သီးခြောက်နှင့် အသင့်စားခေါက်ဆွဲခြောက်ပါဝင်သည့် ပြုပြင်ထုတ်လုပ်ထား သည့်အစားအစာများ၊ အဝတ်အထည်များ၊ ဓာတုပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများပါဝင် သည့် များစွာသောထိုင်းထုတ်ကုန်များကို တင်သွင်းရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရ ပါသည်။ FTA သည် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး၊ လုပ်သားထုလေ့ကျင့်ရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင် အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ Mr Pichai က ဘူတန်သည် ထိုင်းပို့ကုန်များအတွက် ရေရှည် အာမခံချက်ရှိသော ဈေးကွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံသေးငယ်သော်လည်း ဘူတန်၏စီးပွားရေးသည် သိသာစွာကြီးထွားမှုအလားအလာရှိပြီး ၎င်းတို့၏စားသုံးသူများက လည်း အရည်အသွေး ပြည့်မီသော ထိုင်းထုတ်ကုန်များကို ဦးစားပေးမှုပြသနေကြောင်း သိရပါသည်။ FTA လက်မှတ်ရေးထိုးခြင်းအတွက် ဆက်လက်ပြင်ဆင်ရန် ထိုင်းနိုင်ငံကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုဦးစီးဌာနသည် များစွာသောကဏ္ဍများထံမှ အချက်အလက်များစုစည်းကာ မတ်လတွင် အစည်းအဝေးများကျင်းပရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုမှတစ်ဆင့် ခွင့်ပြုချက်ရရှိရန် အထက်လွှတ်တော်သို့ တင်ပြမည်ဟု သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုသည် ဘတ် ၄၆၀ မီလီယံရှိပြီး ထိုင်းနိုင်ငံကဘူတန် သို့တင်ပို့မှုမှာ ဘတ် ၄၅၇ မီလီယံ ရှိကာ ပြန်လည်တင်သွင်းမှုမှာ ဘတ် ၃.၄၇ မီလီယံ ရှိကြောင်း သိရပါသည်။ အဓိကထိုင်းပို့ကုန်များတွင် မော်တော်ယာဉ်များ၊ အသင့်စားအစား အစာများ၊ လျှပ်စစ်ပစ္စည်းများနှင့် ပြုပြင်ထုတ်လုပ်ထားသည့် သစ်သီးများပါဝင်သည်ဟု သိရ ပါသည်။ ဘူတန်ထံမှအဓိကသွင်းကုန်များတွင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သစ်ထုတ်ကုန်များနှင့် ဆော်ဒါနှင့်ဘိလပ်ရေအစရှိသည့် အဖျော်ယမကာတို့ပါဝင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)