ဆန်ကွဲတင်ပို့မှု တားမြစ်ချက် အိန္ဒိယအစိုးရ ပယ်ဖျက်

Powered by Drupal

          အိန္ဒိယနိုင်ငံတွင် ဆန်ကွဲတင်ပို့ခွင့်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကတည်းက တားမြစ် ပိတ်ပင်ထားခဲ့ရာမှ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြည့် လွတ်လပ်စွာတင်ပို့ခွင့်ရှိသော ကုန်စည်အဖြစ် မူဝါဒ ပြင်ဆင်လိုက်သည်ဟု  အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မတ်လ ၇ ရက်နေ့ ညနေပိုင်း၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

          အိန္ဒိယပြည်တွင်း၌ ဆန်လက်ကျန် သိုလှောင်ထားရှိမှုမှာ ပိုလျှံလျက်ရှိပြီး ပို့ကုန်မူဝါဒပိုင်း ဖြေလျှော့မှုပြုရန် ဆန်တင်ပို့သူလုပ်ငန်းရှင် အသိုင်းအဝိုင်းက တောင်းဆိုနေမှုအရ ယခုကဲ့သို့ ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆန်ကွဲတင်ပို့မှုကို တားမြစ်ခြင်းမပြုမီကာလ၌ တရုတ်နှင့် ဗီယက်နမ်တို့အပြင် အထူးသဖြင့် ဆီနီဂေါ အပါအဝင် အာဖရိကနိုင်ငံများက အိန္ဒိယထံမှ ဆန်ကွဲ များကို အများဆုံးဝယ်ယူခဲ့ကြသည်။ ကုန်သည်များအနေဖြင့် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာရန် ရက်သတ္တတစ်ပတ်ခန့် စောင့်ဆိုင်းနေခဲ့ကြကြောင်း၊ သို့ရာတွင် ယခုအခါ ဗီယက်နမ်နှင့် ပါကစ္စတန် တို့သည် ဆန်ကွဲတင်ပို့ရာ၌ ပြိုင်ဘက်နိုင်ငံများအဖြစ် ရောက်ရှိလာကြသဖြင့် အိန္ဒိယအနေဖြင့် ဝယ်လက်အနည်းငယ်သာ ရရှိလိမ့်မည်ဖြစ်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

          လက်ရှိကာလတွင် ဗီယက်နမ်သည် ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲတစ်တန်လျှင် သင်္ဘော ပေါ်အရောက်ဈေးနှုန်း ၃၀၇ ဒေါ်လာဖြင့် ကမ်းလှမ်းရောင်းချနေပြီး ပါကစ္စတန်ကမူ ၃၀၈ ဒေါ်လာ နှုန်းဖြင့် ကမ်းလှမ်းလျက်ရှိသည်။ ထိုင်းနိုင်ငံက ရောင်းချသည့် အလားတူဆန်ကွဲ တစ်တန်၏ ဈေးနှုန်းမှာ ၃၅၆ ဒေါ်လာရှိသည်။ လက်ရှိဈေးနှုန်းများ ဖြစ်ပေါ်ပြောင်းလဲနေမှုအရ အိန္ဒိယ အနေ ဖြင့် ဗီယက်နမ်နှင့် ပါကစ္စတန်တို့ထက် ပိုမိုမြင့်မားသောဈေးနှုန်းများဖြင့်သာ ဆန်ကွဲများကို တင်ပို့ ရောင်းချနိုင်မည့် အခြေအနေရှိနေသည်။

          ယခုကဲ့သို့ အိန္ဒိယ၏ ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲတင်ပို့မှု ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် အရောင်းအဝယ် နည်းပါးလျက်ရှိနေသော ဆန်ဈေးကွက်အပေါ် ဖိအားများ ထပ်မံ၍သက်ရောက် စေမည်ဖြစ်သည်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့် နှစ်ပိတ်ဆန်လက်ကျန် မြင့်မားမှုရှိမည်ဟု ခန့်မှန်း ချက်များရှိနေပြီး ဝယ်လက်များထံ၌ ဆန်များသိုလှောင်ထားရှိမှုအရ ဝယ်လိုအားနည်းပါးလျက် ရှိရာ ဆန်ဈေးနှုန်းများ နိမ့်ကျစေရန် ဖိအားများဖြစ်ပေါ်လျက်ရှိသည်။ အာရှဒေသတွင် သီးနှံရာသီ အသစ်မှ ဆန်စပါးများ ဈေးကွက်သို့ဝင်ရောက်လာခြင်းကလည်း ဆန်ဈေးနှုန်းများကျဆင်းစေ သည့် အကြောင်းအရင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။

Source: The Hindu Business Line, 7 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)