မတ်ပဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ကာလ ၂၀၂၆ မတ်လအထိ အိန္ဒိယအစိုးရ တိုးမြှင့်

Powered by Drupal

          အိန္ဒိယနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေမှုအရ မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် သွင်းကုန်မူဝါဒကို အစိုးရက နောက်ထပ် ၁ နှစ် တိုးမြှင့်ခွင့်ပြုခဲ့သည်ဟု The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

          အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာတွင် မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသောကုန်စည်အဖြစ် သတ်မှတ် သည့် သွင်းကုန်မူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကျင့်သုံးမည်ဟု ဖော်ပြထားသည်။

          ကုန်သည်အသိုင်းအဝိုင်း အနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်မှုကျဆင်းနေသည့်အပေါ် ယခု နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် လက်ရှိကျင့်သုံးနေသော မတ်ပဲ အကောက်ခွန်လွတ် တင်သွင်းအား ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် မျှော်လင့်နေခဲ့ကြခြင်းဖြစ်သည်။ အစိုးရ၏ ဒုတိယ အကြိမ် ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၄-၂၅ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း မိုးသီးနှံနှင့် ဆောင်းသီးနှံ နှစ်ရပ်ပေါင်းမှ မတ်ပဲထွက်ရှိနိုင်မှုသည် တန်ချိန် ၁၇.၉၉ သိန်းခန့်ရှိပြီး ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၂၀.၉၁ သိန်းအောက်သို့ လျော့ကျလျက်ရှိမည်ဖြစ်သည်။

          အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) မှ ဥက္ကဋ္ဌ Bimal Kothari က ပြည်တွင်း၌ မတ်ပဲစားသုံးမှုမှာ တန်ချိန် သိန်း ၃၀ ခန့်ရှိပြီး ထုတ်လုပ်နိုင်မှုမှာ တန်ချိန် သိန်း ၂၀ ခန့်သာရှိရာ ၎င်းတို့အနေဖြင့် မတ်ပဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ကို အစိုးရက နောက်ထပ်တစ်နှစ် တိုးမြှင့် ပေးရန် မျှော်လင့်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံထံမှ မတ်ပဲများ ဝင်ရောက်လာမည်ဖြစ်ပြီး ယခုနှစ်တွင် ဘရာဇီးထံမှ မတ်ပဲတင်သွင်းမှုသည်လည်း တန်ချိန် ၁.၅ သိန်းခန့်အထိ ပမာဏမြင့်မားလာမည်ဟု ခန့်မှန်းရကြောင်း၊ မြန်မာနိုင်ငံ၌ မတ်ပဲစိုက်ပျိုး ထုတ်လုပ်မှုမှာလည်း  ကောင်းမွန်လျက်ရှိကြောင်း၊ အိန္ဒိယ ပြည်တွင်း၌ မတ်ပဲဈေးနှုန်းများမှာ ကျဆင်းလာခဲ့ပြီး ယခုအခါ အစိုးရက သတ်မှတ်သော အခြေခံရည်ညွှန်းဈေးနှုန်းထက် အနည်းငယ်သာကျော်လွန်လျက် ဈေးနှုန်းတည်ငြိမ်မှုနေကြောင်း ပြောဆိုခဲ့သည်။

          လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယ၏ မတ်ပဲတင်သွင်းထားရှိ မှုမှာ တန်ချိန် ၆.၇၃ သိန်းခန့်ရှိပြီး ယခင်နှစ်ကာလတူတင်သွင်းမှု တန်ချိန် ၅.၁၀ သိန်းထက် ပိုမို လျက်ရှိကြောင်း၊ အစိုးရသည် ပဲစင်းငုံ အကောက်ခွန်လွတ် တင်သွင်းခွင့်ကိုလည်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ကာလတိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း The Hindu Business Line သတင်း ဌာနက ဖော်ပြထားပါသည်။

Source: The Hindu Business Line, 10 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)