
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် သစ်နှင့် သစ်ထုတ်ကုန်များ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါသည်။ ထိုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၂၈၀ နှင့်ညီမျှသော ၁၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် ထိုကာလအတွင်း ဗီယက်နမ်၏ သစ်နှင့်သစ်ထုတ်ကုန်တင်ပို့ရာအကြီးမားဆုံးဈေးကွက် ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၅၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုဈေးကွက်ထံမှ တင်သွင်းရန်မှာယူမှုများ တည်ငြိမ်စွာမြင့်တက်ရှိပြီး များစွာသောစီးပွားရေးလုပ်ငန်းများမှာ နှစ်ကုန်ပိုင်းအထိ မှာယူမှုများ ရရှိထားကြောင်း သိရပါသည်။ ဒုတိယနှင့် တတိယ အကြီးမားဆုံးဈေးကွက်များမှာ ဂျပန်နှင့် တရုတ်တို့ဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၁၁.၇ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရပါသည်။ ထိုသို့အပေါင်းလက္ခဏာ ဆောင်သည့်အချက်များရှိနေသော်လည်း တင်သွင်းသည့်ဈေးကွက်များမှ သစ်အပေါ် စည်းမျဉ်းများတင်းကျပ်မှုကြောင့် ဗီယက်နမ်သစ်လုပ်ငန်းအတွက် စိန်ခေါ်မှုများစောင့်ကြို နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။ သစ်ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ထုတ်လုပ်မှုသည် တရားဝင်ကြောင်း၊ သစ်တောပြုန်းတီးမှုလျှော့ပါးကြောင်း၊ အစိမ်းရောင်ထုတ်လုပ်မှုမြှင့်တင်ကြောင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှု လျှော့ချ ကြောင်း သက်သေပြသရန်လိုအပ်ကြောင်း သိရပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် သစ်အပေါ် စည်းမျဉ်းနှင့်စံနှုန်းများ လိုက်နာရခြင်းအပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်လုပ်ငန်းနယ်ပယ်သည် ဒီဇိုင်းတွင်ရင်းနှီးမြှုပ်နှံရန်၊ ဖန်တီးနိုင်စွမ်းရှိရန်နှင့် ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရန် လိုအပ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏ သစ်နှင့် သစ်ထုတ်ကုန်များသည် လတ်တလောတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကျော်သို့ တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ဗီယက်နမ်သစ်လုပ်ငန်းသည် ကမ္ဘာ့ခုနှစ်ခုမြောက်အကြီးမားဆုံး သစ်နှင့် သစ်ထုတ်ကုန်ထုတ်လုပ်သူနှင့် ဒုတိယအကြီးဆုံး သစ်တင်ပို့သူအဖြစ်သို့ လျှင်မြန်စွာကြီးထွားခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)