အဝတ်အထည်လိုင်စင်ထုတ်ပေးရာတွင်လွယ်ကူချောမွေ့စေရန် ဝန်ကြီးများအား Prabowo ညွှန်ကြား

Powered by Drupal

          အင်ဒိုနီးရှားသမ္မတ Prabowo Subianto က နိုင်ငံတော်စီးပွားရေးကြီးထွားမှုတွင် သိသာထင်ရှားစွာပူးပေါင်းပါဝင်နိုင်ရန်အတွက် အဝတ်အထည်နှင့် အဝတ်အထည်ထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန် ဝန်ကြီး များအားညွှန်ကြားခဲ့ကြောင်း သိရပါသည်။ ထိုအချက်ကို စီးပွား‌ရေးရာညှိနှိုင်းဆွေးနွေးရေး ဝန်ကြီး Airlangga Hartarto က အထက်လွှတ်တော်နှင့် အမျိုးသားစီးပွားရေးကောင်စီနှင့် ဂျာကာတာ တွင် မတ်လ ၁၉ ရက်နေ့က အစည်းအဝေးပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အဝတ်အထည်ကဏ္ဍသို့ဝင်ရောက်ရန် အလိုရှိသည့်ရင်းနှီးမြှုပ်နှံသူများ ရှိသောကြောင့် လိုင်စင်ထုတ်ပေးရာတွင် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အဝတ်အထည် နှင့် အထည်အလိပ်ကဏ္ဍသည် အင်ဒိုနီးရှား၏စီးပွားရေးကို မောင်းနှင်ပေးလျှက် ရှိပြီး နှစ်စဉ်ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိလျှက်ရှိကာ အလုပ်အကိုင် ၄ သန်းနီးပါးကို ခန့်အပ်ထားနိုင်ကြောင်း သိရပါသည်။ Hartarto ၏အဆိုအရ အစိုးရအနေဖြင့် အဝတ်အထည်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံသူများအတွက်လိုင်စင်ထုတ်ပေးရာတွင် ကန့်သတ် ထိန်းချုပ်ထားခြင်းများ ဖြေလျှော့ပေးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးအတွင်း သမ္မတ Prabowo သည် တရားမဝင်တင်သွင်းသည့် အဝတ်အထည်များ နှင့် ကုန်ကြမ်းပစ္စည်းရရှိနိုင်မှုနှင့် ဆက်စပ်၍ အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အစိုးရသည် အင်ဒိုနီးရှားအဝတ်အထည်ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အတွက် မျှတမှုမရှိပဲဈေးနှုန်းနည်းပါးစွာတင်သွင်းလာသည့် သွင်းကုန်များထံမှ ကာကွယ်ရန် အကောက်ခွန်များ သို့မဟုတ် တားမြစ်မှုများပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ Hartarto က အဝတ်အထည်နှင့် အထည်အလိပ်များသည် ယှဉ်ပြိုင်မှုမြင့်မားသော ကုန်ပစ္စည်းများဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုင်း၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် ယှဉ်ပြိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။ စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ အဝတ်အထည် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံနီးပါးရှိပြီး ၂၀၂၃ ခုနှစ် ကထက် ၃၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)