အိန္ဒိယ၏ သကြားတင်ပို့ရန် လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိဟု ကုန်သည်အသင်း ခန့်မှန်း

Powered by Drupal

          အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဈေးကွက် ရာသီနှစ်အတွင်း သကြားတန်ချိန် ၁ သန်းတင်ပို့ရန် လျာထားသော်လည်း မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၀.၁၅ သန်းသာ တင်ပို့ထားနိုင်ကြောင်း သိရှိရသည်။

          အိန္ဒိယပြည်တွင်း၌ သကြားဈေးနှုန်းများမြင့်မားနေခြင်းက သင်္ဘောတင်ပို့မှုကို နည်းပါးစေ ခြင်းဖြစ်ပြီး လက်ရှိတင်ပို့မှုနှုန်းအတိုင်း တိုးတက်မှုမရှိပါက ယခုနှစ် အမှန်တင်ပို့နိုင်မှုမှာ လျာထား ချက်အောက်သို့ ကျဆင်းဖွယ်ရှိကြောင်း၊ မွန်ဘိုင်းမြို့အခြေစိုက် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး လုပ်ငန်းတစ်ခုဖြစ်သော Dr Amin Controllers ကုမ္ပဏီထံမှ ရရှိသည့် ကနဦးအချက်အလက်များ အရ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း မတ် ၁၁ ရက်နေ့အထိ ပြည်ပသို့တင်ပို့ရန်အတွက် သကြားစက်ရုံများမှဆိပ်ကမ်းသို့ အမှန်တကယ်ပို့ဆောင်ခဲ့သော သကြားပမာဏမှာ ၁၅၀၈၃၄ တန် သာရှိကြောင်း၊ အဆိုပါ ပမာဏအနက် သန့်စင်ပြီး သကြားဖြူနှင့် သကြားကုန်ကြမ်း ၈၁၃၀၇ တန် ကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ သကြားတန်ချိန် ၆၉၅၂၇ တန်မှာမူ သင်္ဘောတင်လုပ်ငန်းများ ဆောင် ရွက်နေဆဲဖြစ်ကြောင်း၊ တင်ပို့ပြီး ပမာဏစုစုပေါင်း၏ ၇၉ ရာခိုင်နှုန်းကျော်သည် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဂျီဘိုတီနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သကြားကုန်သွယ်မှုအသင်း (AISTA) က ဖော်ပြထားသည်။

           အိန္ဒိယ အမျိုးသား သကြားစက်ရုံများ သမဝါယမအသင်းချုပ် (NFCSF) ကမူ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့အတွင်း အိန္ဒိယနိုင်ငံ၏ သကြား ထုတ်လုပ်မှုမှာ ၁၆.၁၃ ရာခိုင်နှုန်းလျော့နည်းလျက် တန်ချိန် ၂၃.၇၁ သန်းသာရှိပြီး အစိုးရ၏ ပို့ကုန် မူဝါဒ ချမှတ်ဖော်ဆောင်မှုအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိသည်ဟု ပြောကြားထားသည်။

          အဆိုပါ NFCSF သမဝါယမအသင်းချုပ်၏ မတ် ၁၆ ရက်နေ့၌ ပြောကြားချက်အရ အစိုးရ၏ သကြားပို့ကုန် မူဝါဒများသည် ထုတ်လုပ်မှုမြင့်မားမည်ဟူသော ကနဦး ခန့်မှန်းချက်များအပေါ် အခြေခံ၍ ချမှတ်ထားခြင်းဖြစ်ကြောင်း၊ သကြားထုတ်လုပ်နိုင်မှုသည် တန်ချိန် ၃၃.၃ သန်းခန့်ရှိမည် ဟု သကြားလုပ်ငန်းနယ်ပယ်ရှိ ကဏ္ဍတစ်ခု၏တင်ပြချက်ကို အခြေခံပြီး ယခုနှစ် ဇန်နဝါရီလ၌ သကြားတန်ချိန် ၁ သန်းတင်ပို့ရန် အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အမှန်တကယ် ထုတ်လုပ်နိုင်မှုမှာ လျော့နည်းကျဆင်းလျက် ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှသည့် အခြေ အနေကို ကြုံတွေ့နေရကြောင်း၊ ပြည်နယ်များစွာ၌ ကြံကြိတ်ဝါးထုတ်လုပ်မှုမှာ မတ်လကုန်ပိုင်းခန့် တွင် အပြီးသတ်ပိတ်သိမ်းနိုင်ခြေရှိကြောင်း သိရှိရသည်။

          ၂၀၂၄-၂၅ ခုနှစ် ကြံကြိတ်ဝါးရောင်းဝယ်ရေးရာသီ (အောက်တိုဘာ - စက်တင်ဘာ) ကာလ အတွင်း မတ်လ ၁၅ ရက်နေ့အထိ အိန္ဒိယ၏ သကြားထုတ်လုပ်မှု အကြီးမားဆုံး ပြည်နယ်ဖြစ်သော ဥတာပရာဒေ့ရှ်တွင် တန်ချိန် ၈.၀၉ သန်း ထုတ်လုပ်ထားရှိပြီး ယခင်နှစ်ကာလတူထုတ်လုပ်နိုင်မှု တန်ချိန် ၈.၈၅ သန်းအောက်သို့ လျော့ကျခဲ့ကြောင်း၊ အလားတူ ကာလအတွင်း ဒုတိယ ထုတ်လုပ်မှု အများဆုံးဖြစ်သော မဟာရဋ္ဌပြည်နယ်တွင် ယခင်နှစ်၌ တန်ချိန် ၁၀.၀၄ သန်းထုတ်လုပ်နိုင်ရာမှ ယခုနှစ်တွင် တန်ချိန် ၇.၈၆ သန်းသို့ သိသာစွာ ကျဆင်းခဲ့ကြောင်း၊ ကာနာတကာပြည်နယ်၌လည်း ယခင်နှစ်က တန်ချိန် ၄.၉၅ သန်းထုတ်လုပ်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၃.၉၁ သန်းသာ ထုတ်လုပ် နိုင်ကြောင်း NFCSF က ဖော်ပြသည်။ အဆိုပါ ပြည်နယ်သုံးခုမှ ထုတ်လုပ်မှုသည် အိန္ဒိယတစ်နိုင်ငံ လုံး သကြားထုတ်လုပ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်။

          NFCSF သမဝါယမအသင်းချုပ်၏ ဥက္ကဋ္ဌ Harshvardhan Patil က လက်ရှိ ကြံကြိတ်ဝါး ရာသီသည် ပြည်နယ်အများစုတွင် မတ်လကုန်၌ အပြီးသတ်လိမ့်မည်ဖြစ်ပြီး ဥတာပရာဒေ့ရှ် ပြည်နယ်ရှိ သကြားစက်အချို့သည်သာ ဧပြီလလယ်တိုင်အောင် ဆက်လက် ကြိတ်ဝါးထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ ယခုကြံကြိတ်ဝါးရာသီနှစ်သည် ကာလတိုတောင်းမှုရှိကြောင်း၊ စီးပွားဖြစ် ကြံ ကြိတ်ဝါးထုတ်လုပ်မှုမှာ ပုံမှန်အားဖြင့် ရက် ၁၄၀ မှ ၁၅၀ အကြားရှိသော်လည်း အထူးသဖြင့် မဟာ ရဋ္ဌပြည်နယ်သည် ယခုနှစ်တွင် ၈၃ ရက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း၊ ယင်းပြည်နယ်ရှိ သကြားစက် များ အနေဖြင့် ရက်ပေါင်း ၃၆၅ ရက်အတွက် ကုန်ကျစရိတ်များရှိပြီး ၈၃ ရက်မျှသာ အမှန်တကယ် အလုပ်လုပ်ရက်ရှိသဖြင့် ကြီးမားသည့် ငွေကြေးဒုက္ခကို ကြုံတွေ့နေရကြောင်း ပြောဆိုခဲ့သည်။

          အိန္ဒိယနိုင်ငံရှိ သကြားထုတ်လုပ်ရာ အဓိက ပြည်နယ်များသည် ယခုရာသီနှစ်တွင် စိန်ခေါ်မှု များစွာကို ရင်ဆိုင်ခဲ့ရသည်။ ဥတာပရာဒေ့ရှ်ပြည်နယ်၌ CO-0238 အမျိုးအစားကြံစိုက်ခင်းများတွင် အနီရောင်မှိုကွက်ရောဂါ (Red Rot disease) နှင့် ကြံပင်ထိပ်ဖျားထိုးပိုး (Top Shoot Borer) အကြီးအကျယ် ကျရောက်မှုရှိခဲ့ပြီး မဟာရဋ္ဌနှင့် ကာနာတကာပြည်နယ်တို့သည်လည်း အရွယ် မတိုင်မီ ပန်းပွင့်မှု‌ကြောင့် ကြံပင်ကြီးထွားမှုရပ်တန့်ပြီး သကြားအထွက် ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။

          အိန္ဒိယနိုင်ငံ၏ စုစုပေါင်း သကြားထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၃၁.၉ သန်းရှိခဲ့ရာမှ ယခုနှစ် ဈေးကွက်ရာသီတွင် တန်ချိန် ၂၅.၉ သန်းသို့ အထွက်ကျဆင်းနိုင်မည်ဟု NFCSF သမ ဝါယမ အသင်းချုပ်က ခန့်မှန်းထားသည်။

Source: The Hindu Business Line, 17 Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)