
အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းနှင့် သန့်စင်ထားသော စားအုန်းဆီချော တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် ၆၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လျက် ၄ လကြာအမြင့်ဆုံးသို့ ရောက် ရှိခဲ့ကြောင်းနှင့် စားအုန်းဆီတင်ပို့မှုအပေါ် စည်းကြပ်သည့်အခွန် နိမ့်ကျခြင်းက မလေးရှားနိုင်ငံ၏ စားအုန်းဆီကို ဝယ်ယူသည့်သူများကိုပင် ဆွဲဆောင်နိုင်ခဲ့သဖြင့် တင်ပို့မှုမြင့်တက်လာရခြင်း ဖြစ် ကြောင်း အင်ဒိုနီးရှား စာရင်းအင်းဗျူရိုက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှု ပိုမိုမြင့်တက်ခြင်း က ဆီလက်ကျန်ပမာဏကို ကျဆင်းစေကာ ပြိုင်ဘက်ပဲပုပ်ဆီထက် ပရီမီယံစျေးနှုန်းများ ရရှိစေ ခြင်းအား ဆက်လက်ထိန်းထားနိုင်ပြီး စျေးနှုန်းအပေါ် အထောက်အပံ့ပြုပေးနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စားအုန်းဆီကြမ်းနှင့် သန့်စင်ထားသော စားအုန်းဆီချော စုစုပေါင်း တန်ချိန် ၂.၀၆ သန်းကို တင်ပို့ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း အမြင့်ဆုံးတင်ပို့မှုဖြစ်ပြီး ယခင်နှစ် ကာလတူ၌ တင်ပို့မှုထက် ၄၅.၁ ရာခိုင်နှုန်း မြင့် တက်လာခြင်းဖြစ်သည်။
စာရင်းအင်းဗျူရို၏ တင်ပို့မှုဆိုင်ရာ အချက်အလက်များတွင် ဆီအုန်းသီးဆံမှ ထုတ်လုပ် သည့် စားအုန်းဆီ၊ ဆီအုန်းအခြေခံထုတ်ကုန် ဓာတုဗေဒပစ္စည်းများနှင့် ဇီဝဒီဇယ်ဆီနှင့် ပတ်သက် သည့် အချက်အလက်များ မပါဝင်ကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) သည် စားအုန်းဆီ အခြေခံထုတ်ကုန်များ တင်ပို့မှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက် များကို နောက်ကျ၍ ထုတ်ပြန်လေ့ရှိရာ အဆိုပါ အဖွဲ့အစည်းနှစ်ရပ်၏ ပို့ကုန်ကိန်းဂဏန်းများသည် ကွဲပြားခြားနားမှုရှိကြောင်း သိရှိရပါသည်။
အိန္ဒိဘနိုင်ငံ၊ မွမ်ဘိုင်းမြို့ အခြေစိုက် စားသုံးဆီကုန်သွယ်ရောင်းဝယ်ရေး လုပ်ငန်းတစ်ခု ဖြစ်သော Sunvin Group မှ သုတေသနအကြီးအကဲ Mr. Anilkumar Bagani က အင်ဒိုနီးရှား၏ စားအုန်းဆီ ပို့ကုန်အခွန် နည်းပါးမှုက မလေးရှား၏ စားအုန်းဆီဈေးနှုန်းအဆင့်အောက်သို့ ဈေးနှုန်း နိမ့်ကျမှုဖြစ်စေပြီး ဖေဖော်ဝါရီလတင်ပို့မှုကို မြင့်တက်စေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ ဖေဖော်ဝါရီလ စားအုန်းဆီတင်ပို့မှုသည် ဇန်နဝါရီလထက် ၁၆ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်းလျက် ၄ နှစ်အတွင်း တန်ချိန် ၁ သန်းခန့် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရ ပါသည်။ အင်ဒိုနီးရှားသည် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို ဖေဖော်ဝါရီလတွင် လျှော့ချခဲ့သဖြင့် ပို့ကုန်အပေါ် စည်းကြပ်သည့်အခွန်သည်လည်း ဇန်နဝါရီလ၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၈ ရှိရာမှ ၁၂၄ ဒေါ်လာသို့ ကျဆင်းခဲ့သည်။
အင်ဒိုနီးရှားတွင် အသုံးပြုပြီးသည့် ဟင်းချက်ဆီဟောင်းများ တင်ပို့မှုကို ကန့်သတ်ထား သော်လည်း ဇီဝဒီဇယ်၌ စားအုန်းဆီပါဝင်မှု ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုရေး အစီအစဉ်အား မဖြစ်မနေ အကောင်အထည်ဖော်ရေး ဦးတည်ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် ဖေဖော်ဝါရီလ စားအုန်းဆီတင်ပို့မှု မြင့်တက်လာသည့်အတွက် ပြည်တွင်း စားအုန်းဆီ သိုလှောင်မှု လက်ကျန် ပမာဏမှာ သိသာစွာ တိုးတက်လာဖွယ်မရှိကြောင်း၊ ပဲပုပ်ဆီထက် ဈေးနှုန်းပိုမိုလျက် ပရီမီယံ အဆင့်သို့ ရောက်ရှိနေသော်လည်း စဉ်ဆက်မပြတ် တင်ပို့မှုအရှိန်ရရှိနေခြင်းက စားအုန်းဆီ၏ စျေးနှုန်းမြင့်မားမှုကို ထိန်းသိမ်းထားနိုင်ရန် အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်းဖြင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုလုပ်ကိုင်နေသည့် မွန်ဘိုင်းမြို့ အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့ သည်ဟု Reuters သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြလိုက်ရပါသည်။
Source: Reuters, 18th Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)