
ဗီယက်နမ်သည် ကြီးထွားမှုအလားအလာကြီးမားစွာရှိသောနိုင်ငံဟုယူဆရပြီး မိတ်ဖက်တည်ထောင်ရန်အတွက် ရောမမြို့နှင့် အီတလီတို့၏ မဟာဗျူဟာတွင် ပါဝင်နေကြောင်း ရောမမြို့တွင် ကျင်းပခဲ့သည့် ကွန်းဖရန့်တွင် ပြောကြားချက်အရ သိရပါသည်။ ထိုကွန်းဖရန့်ကို သံတမန်များ၊ အစိုးရအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ ၁၂၀ ဦးကျော် တက်ရောက်ခဲ့ကြပြီး အီတလီနှင့် အာရှနိုင်ငံများအကြား အပြန်အလှန်ဆက်နွယ်မှု အထူးသဖြင့် ကုန်သွယ်ရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍတို့တွင် အဓိက အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားကိုတက်ရောက်ခဲ့သည့် အီတလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Duong Hai Hung က လွန်ခဲ့သည့်နှစ်များအတွင်း ဗီယက်နမ်-အီတလီ ဗျူဟာမြောက်မိတ်ဖက်ဖွဲ့မှု ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အသားပေး ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် အာဆီယံ၌ အီတလီ၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆.၉ ဘီလီယံထိ ရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၁၃.၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် တွင် Credit Institution များဖြစ်သည့် SACE နှင့် Simest တို့နှင့်အတူ Leonardo Group တို့ တည်ရှိမှုက နှစ်နိုင်ငံကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအရှိန် မြှင့်တင်ရန် ကူညီပေးပြီး အီတလီ နိုင်ငံထုတ်ကုန်များကို လူဦးရေသန်း ၁၀၀ ရှိသော ဗီယက်နမ် ဈေးကွက်သို့ ဝင်ရောက်မှုမြှင့်တင် ပေးနိုင်မည်ဟု သိရပါသည်။ ကွန်းဖရန့်တွင် ဟောပြောသူ ၂၀ ဦးကျော်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက အီတလီနှင့် အနီးကပ်ချိတ်ဆက်လျှက်ရှိသည့် ဗီယက်နမ်၊ ထိုင်း၊ တရုတ်နှင့် ဂျပန် စသည့်အာရှလေးနိုင်ငံနှင့် ရိုးရာယဉ်ကျေးမှုများ၊ ခရီးသွား ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးတို့အပေါ် ဆွေးနွေး မှုကိုအဓိကထားခဲ့ကြောင်း သိရပါသည်။ ရောမမြို့တော် ကောင်စီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Francesca Leoncini က အာရှသည် အီတလီစီးပွားရေး လုပ်ငန်းများအတွက် အလားအလာ အပြည့်ရှိသောဈေးကွက်ဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် ကြီးထွားမှုအလားအလာကြီးမားစွာရှိပြီး အီတလီနှင့် ရောမမြို့၏ မိတ်ဖက်တည်ထောင်ရန် မဟာဗျူဟာထဲတွင်ပါဝင်ကြောင်း ပြောကြား ခဲ့ပါသည်။ ခရီးသွားကဏ္ဍနှင့်ပတ်သတ်၍ ကျွမ်းကျင်သူများက အီတလီ၏ခရီးသွားလုပ်ငန်းတွင် အာရှခရီးသွားများ၏ အရေးပါသော အခန်းကဏ္ဍကို အသားပေးပြောကြားခဲ့ပါသည်။ Federation of Italian Non-Hotel Guesthouse Associatins ၏ ဥက္ကဌဖြစ်သူ Elia Rosciano ကနှစ်ဖက်စလုံးကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာ အထူးသဖြင့် ဗီယက်နမ်ခရီးသွားများ အီတလီသို့ ပိုမိုလာရောက်ရန်ဆွဲဆောင်နိုင်ရေးနှင့် ပတ်သတ်၍ ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။ အီတလီကုမ္ပဏီများကလည်း ဗီယက်နမ်သည် စားသုံးလိုအားမြင့်တက်လာပြီး သင့်လျော်သောရင်းနှီးမြှုပ်နှံမှုဝန်ကျင်နှင့်အတူ အာမခံချက်ရှိသောဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)