ထိုင်းဆန်ဈေးနှုန်းများနှစ်နှစ်ဆက်ကျဆင်း

Powered by Drupal

             ဝယ်လိုအားကျဆင်းမှုနှင့် ရောင်းလိုအားမြင့်တက်မှုကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့သည့် ဈေးနှုန်းများသည် နှစ်နှစ်ဆက်ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ၅ ရာခိုင်နှုန်း ဆန်ကျိုးမှာ တစ်မက်ထရစ်တန်ကို ၄၀၅ အမေရိကန်ဒေါ်လာရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ မှစ၍ အနိမ့်ဆုံးအဆင့်ထိကျဆင်းခဲ့ကြောင်း သိရပါသည်။ ဝယ်လိုအားမှာ ငြိမ်သက်လျှက်ရှိပြီး လာမည့်နှစ်လမှသုံးလထိ ဆက်လက်ငြိမ်သက်နိုင်ကြောင်း ဘန်ကောက်ရှိကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ ကုန်သည်က အိန္ဒိယနှင့် ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ အလွန်နိမ့်ကျနေ သည့်အတွက် စိုးရိမ်စရာကောင်းကြောင်း၊ ပုံမှန်ဝယ်ယူသူများမှာ လိုအပ်သမျှသာဝယ်ယူနေ ကြောင်းနှင့် ဈေးကွက်တွင်ရောင်းလိုအားအလွန်မြင့်မားနေကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယ ၏ ၅ ရာခိုင်နှုန်းဆန်ကျိုး တစ်မက်ထရစ်တန်ကို ၄၀၃ မှ ၄၁၀ အမေရိကန်ဒေါ်လာရှိကြောင်း သိရ ပါသည်။ အိန္ဒိယနိုင်ငံ ကိုးလ်ကာတားမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပါကစ္စတန်နှင့် ဗီယက်နမ် တို့က ဆန်ဖြူကို အလွန်ရောင်းချနေခြင်းက ပေါင်းဆန်ဈေးနှုန်းအပေါ်ကိုပင် သက်ရောက်မှုများရှိလာကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယသည် ယခုလအစောပိုင်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ပိတ်ပင်ထားသည့် ၁၀၀ ရာခိုင်နှုန်းဆန်ကျိုးတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ ၅ ရာခိုင်နှုန်းဆန်ကျိုးဈေးနှုန်းမှာ တစ်မက်ထရစ်တန်ကို ၃၉၄ အရေိကန်ဒေါ်လာရှိကြောင်း ဗီယက်နမ်အစားအစာအသင်း၏ အဆိုအရ သိရပါသည်။ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ဝယ်လိုအားပျော့မှုကြောင့် ဆောင်ရွက်မှုများမှာ အားတက်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးက သက်ဆိုင်ရာအေဂျင်စီများအား ဖိလစ်ပိုင်နှင့် တရုတ်တို့တွင် အရောင်းမြှင့်တင်ရေးဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန်နှင့် ဈေးကွက်သစ်များ တက်ကြွစွာရှာဖွေရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တင်သွင်းမှုမြင့်တက်လာခြင်းနှင့် အရံထားရှိမှုအားကောင်းနေသော်လည်း ဘင်္ဂလားဒေ့ရှ်ပြည်တွင်း ဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)