ဆိပ်ဖြူမြို့၌ဖြစ်ပေါ်လျက်ရှိသော ကန်စွန်းဥဈေးနှုန်းများ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး ကုန်စိမ်းသီးနှံဈေးကွက်တွင် ရာသီပေါ်သီးနှံ ဒေသထွက်ကန်စွန်းဥများ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ရွှေဝါကန်စွန်းဥများကို မန္တလေးဈေးကွက်မှ သယ်ယူရောင်းချ ရပြီး ယခုအချိန်တွင် ဒေသထွက် စိုက်ပျိုးမှုများသော မြေနုကျွန်းကျေးရွာများဖြစ်သည့် ရေလယ် ကျွန်း၊ တောင်ငယ်လုံး၊ ကိုးတောင့်၊ သံဇလုံ၊ ပဒေသာကျွန်း ကျေးရွာများမှ ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဝါနှင့် ငချိတ်ကန်စွန်းဥများ ဈေးကွက်သို့ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

ကန်စွန်းဥဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ကန်စွန်းဥတစ်ပိဿာလျှင် သီးနှံ အရည်အသွေးလိုက်၍ လက်ကားဈေး ကျပ်(၂၅၀၀)၊ လက်လီဈေး ကျပ်(၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ သီးနှံပေါ်စ ဖေဖော်ဝါရီ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် ကန်စွန်းဥသီးနှံ ရာသီပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် ယခင်နှစ်ထက် ကန်စွန်းဥဈေး မြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်တောင်သူများမှလည်း ယခုနှစ် ကန်စွန်းဥစိုက်ပျိုးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ဒေသထွက် ကန်စွန်းဥများ ကုန်ဝင်ရောက်မှုနည်းခြင်း ကြောင့် ယခင်နှစ်ထက် ဈေးမြင့်တက်ကြောင်း သိရှိ ရသည်။

ကန်စွန်းဥသီးနှံသည် အမျှင်ဓါတ်များစွာပါရှိပြီး နူးညံ့၍ ချိုစိမ့်သော အရသာရှိသည့်အပြင် အလွယ်တကူဝယ်ယူစားသုံးရရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်၍ ကလေး လူကြီးမရွေး ဝယ်ယူစားသုံးမှုများကြောင်း၊ ယခုနှစ် ကန်စွန်းဥစိုက်တောင်သူများမှလည်း သီးနှံဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာရရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)