
ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းသီးနှံကို ဆောင်းနှမ်း၊ မိုးနှမ်း အစရှိသဖြင့် ရာသီအလိုက် စိုက်ပျိုးကြပြီး ဆောင်နှမ်းကို စက်တင်ဘာ၊ အောက်တိုဘာလ များတွင် စိုက်ပျိုးကာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ များတွင်ထွက်ရှိပါသည်။ မိုးနှမ်းကို မေလ၊ ဇွန်လ များတွင်စတင်စိုက်ပျိုးကြကာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ရိတ်သိမ်းရပါသည်။ နှမ်းတွင် နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညိုဟူ၍ အမျိုးအစားများစွာရှိကာ နှမ်းနက်သည် အခြားနှမ်းများထက် ဈေးပိုရကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် နှမ်းသီးနှံ စိုက်ဧက (၉၇၅၃၁၅) ဧကရှိပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် (၁၀၇၂၈၄၆၅) တင်းထွက်ရှိကြောင်းသိရှိရသည်။ ဒေသတွင်းထွက်ရှိသည့် နှမ်းသီးနှံများမှ အချို့ကို ပြည်တွင်းစားသုံးမှုရှိပြီး ပိုလျှံမှုရှိပါက ရန်ကုန်ကုန်စည်ဒိုင် ထိုမှတစ်ဆင့် နိုင်ငံခြားသို့တင်ပို့နိုင်သည့် မိမိတို့နိုင်ငံ၏ နိုင်ငံခြားဝင်ငွေရ သီးနှံတစ်မျိုးလည်းဖြစ်သည်။
ယခုနှစ် နှမ်းနက် တစ်တင်းဈေးနှုန်းမှာ ကျပ် (၁၉၀၀၀၀)၊ နှမ်းညို ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၀၂၀၀၀)၊ နှမ်းဖြူဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၁၅၀၀၀) ဖြစ်ပြီး ယခင်နှစ် ကာလတူ နှမ်းနက် တစ်တင်းဈေးနှုန်းမှာ ကျပ် (၁၃၀၀၀၀)၊ နှမ်းညို ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၉၈၀၀၀)၊ နှမ်းဖြူဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၂၂၀၀၀) ဖြစ်ရာ ယခင်နှစ် ကာလတူ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ်(၆၀၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၄၀၀၀)တို့ဖြင့် ဈေးနှုန်းမြင့်တက်လျှက်ရှိသော်လည်း နှမ်းဖြူတစ်တင်းလျှင် ကျပ် (၇၀၀၀) ခန့်ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)