ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာရှိ SPARROW အမှတ်တံဆိပ်ခြွေလှေ့စက် လုပ်ငန်းအကြောင်းတစေ့တစောင်း

Powered by Drupal

ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် ဝန်ထမ်းတစ်ဦးသည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာရှိ ဦးသိန်းဝင်းပိုင် SPARROW အမှတ်တံဆိပ် ခြွေလှေ့စက် လုပ်ငန်းသို့ သွားရောက် လေ့လာခဲ့ရာ ခြွေလှေ့စက်  လုပ်ငန်းအတွက် အဓိကကုန်ကြမ်းအဖြစ် သံထည်ကို အသုံးပြုပြီး လုပ်ငန်း အတွက် တစ်နေ့ လုပ်သား (၈) ဦးခန့်အသုံးပြုကြောင်းသိရှိရပါသည်။ ခြွေလှေ့စက် ထုတ်လုပ်မှုအနေဖြင့် အထိုင်ဂွေတွဲပြီး  တိုင်ထောင်ကာ စပါး၊ ပဲများ အလေအလွင့်မရှိစေရန် သံပြားဖြင့် ပြုလုပ်ထားသော ကိုယ်ထည်အိမ်ကိုတင်ပါသည်။ ထို့နောက် ခြွေလုံးတင်၍ စက်အိမ်မှ အလေအလွင့် မရှိစေရန် အမိုး ပြုလုပ်တပ်ဆင်ပါသည်။ နောက်ဆုံးအနေဖြင့် ဖုံ၊ သဲ၊ ခဲ၊ အမှိုက်များ စနစ်တကျလွင့်စင် ထွက်ကျစေရန် အတွက် လေအုံတပ်ဆင်ပြီးလျှင် စပါး၊ ပဲများ ခြွေရန် စတင်အသုံးပြုနိုင်သော ခြွေလှေ့စက် တစ်လုံး ပြီးမြောက်ပြီဖြစ်ပါသည်။

          ခြွေလှေ့စက်ပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သော သံထည်များအား တောင်ငူမြို့ ရှိ သံထည်ဆိုင်များမှ ဝယ်ယူရရှိပါသည်။ ခြွေလှေ့စက်တစ်လုံးပြုလုပ်ရန်အတွက် အချိန် (၂) ရက်ခန့်သာ ကြာမြင့်ပြီး ကုန်ကျစရိတ် ကျပ် ၄၅ သိန်းခန့်ကုန်ကျပြီး ရောင်းဈေးအနေဖြင့် ကျပ် ၅၅ သိန်းဖြင့် ပြန်လည် ရောင်းချပါသည်။ ခြွေလှေ့လုပ်ငန်းအတွက် လုပ်သား တစ်ဦးလျှင် တစ်ရက် (၁၂၅၀၀) ကျပ်ဖြင့် လုပ်အားခ ရှင်းပေးရကြောင်းလည်း သိရှိရပါသည်။

          ခြွေလှေ့စက်များကို အဓိကအားဖြင့် နေပြည်တော်၊ တောင်ကြီးမြို့များမှ အော်ဒါမှာ ယူကြောင်းသိရှိရပါသည်။ SPARROW အမှတ်တံဆိပ် ခြွေလှေ့စက်များအား အော်ဒါမှာယူမှသာ ပြုလုပ် ပေးပါသည်။ ယခုနှစ်အတွက် ခြွေလှေ့စက် အလုံး(၂၀) ခန့်ရောင်းချပြီးစီးခဲ့ပါသည်။ ယခင်နှစ် များက တစ်နှစ်လုံးအနေဖြင့် ခြွေလှေ့စက် အလုံး (၅၀) ခန့် ရောင်းချနိုင်သော်လည်း ယခုနှစ်တွင် အလုံး (၂၀) ခန့်သာရောင်းချနိုင်ပါသည်။ ယခုကဲ့သို့ ရောင်းအားကျဆင်းရခြင်းမှာ ခေတ်မှီခြွေလှေ့စက်များ ပေါ်လာ သောကြောင့်ဖြစ်ကြောင်းသိရပါသည်။

          ၎င်းခြွေလှေ့စက်အနေဖြင့် စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲတို့အား ခြွေလှေ့နိုင်ပြီး စပါး တစ်ဧကခြွေလှေ့ရန်အတွက် ဒီဇယ် (၁)ဂါလံသာကုန်ကျပြီး၊ ပဲတစ်ဧကခြွေလှေ့ရန်အတွက် ဒီဇယ် ဂါလံ တစ်ဝက်သာကုန်ကျသောကြောင့် အသုံးပြုရန် သင့်တော်ပါကြောင်းလေ့လာသိရှိခဲ့ပါသည်။

DOCA(ပဲခူး)