“ ခရမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်ဆောင်းသီးနှံများရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး ”

Powered by Drupal

ခရမ်းမြို့နယ်၊ မတ်  (၂၆) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးများ ရိတ်သိမ်းခဲ့ပြီး လယ်ဧကများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သော ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာ၊ မြေပဲ သီးနှံများအား ဖေဖော်ဝါရီလအတွင်း စတင်ခူးဆွတ်ခဲ့ရာ ယခု မတ်လ စတုတ္ထအပတ်တွင် စိုက်ပျိုးခဲ့သော စိုက်ဧကအားလုံး ရာနှုန်းပြည့် ခူးဆွတ်ပြီးစီးကြောင်း သိရသည်။

          ခရမ်းမြို့နယ်တွင် လယ်ဧက (၁၁၀၆၃၉)ဧကတွင် မိုးစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံသီးနှံများကို တောင်သူများ ဝင်ငွေတိုးပွားစေရန်၊ စားရေးရိက္ခာများ ဖူလုံစေရန်နှင့် နိုင်ငံ့ဝင်ငွေများတိုး တက်ဖွံ့ဖြိုးစေရန်အတွက် တောင်သူများမှ နှစ်စဉ်သီးထပ် စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ပဲတီစိမ်း (၁၀၄၄၉၄) ဧက၊ မတ်ပဲ (၅၃၇)ဧက၊ နေကြာ (၁၀၀)ဧက၊ မြေပဲ (၈၄၅) ဧကအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းမှ စတင်စိုက်ပျိုးခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်မှ စတင်၍ သီးနှံများ စတင်ထွက်ပေါ်ခဲ့ပြီး ယခု မတ်လ စတုတ္ထပတ်အတွင်း စိုက်ပျိုးဧကများ ရာနှုန်းပြည့်အောင်မြင်စွာ ခူးဆွတ်နိုင်ခဲ့ပြီး (၁)ဧက ပျမ်းမျှ အထွက်နှုန်းများမှာ ပဲတီစိမ်း(၁)ဧကလျှင် (၁၆)တင်းနှုန်း၊ မတ်ပဲ(၁)ဧကလျှင် (၁၄)တင်းနှုန်း၊ နေကြာ(၁) ဧကလျှင်(၁၄)တင်းနှုန်းနှင့် မြေပဲသီးနှံ(၁)ဧကလျှင် (၅၀)တင်းနှုန်းခန့် ထွက်ရှိခဲ့ကြောင်းနှင့် ယခုနှစ်သီးနှံ စိုက်ပျိုးရာသီတွင် ရာသီဥတုကောင်းမွန်သောကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ဘဲ တောင်သူများသီးနှံ အကျိုးအမြတ်ရရှိ၍ စိုက်ပျိုးရေးဘဏ်၏ သီးနှံချေးငွေများ ပြန်လည်ပေးဆပ်နိုင်ကြပြီး ခရမ်းမြို့နယ်၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေကောက်ခံရရှိမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ဘဏ်ခွဲများအနက် ဖေဖော်ဝါရီလအတွင်း ကြွေးကျန်( NPL)ကောက်ခံရရှိမှု အကောင်းဆုံး မြို့နယ်ဆုရရှိခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)