ပြည်တွင်း၌ စပါးရိတ်သိမ်းမှု အမြင့်ဆုံးကာလတွင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ကျဆင်း

Powered by Drupal

     ပြည်တွင်းစပါးရိတ်သိမ်းမှု ဆက်လက်မြင့်မားလာခြင်းနှင့် ယခင်က ပမာဏအများအပြားဖြင့် တင်သွင်းသည့်ဈေးကွက်၏ အလေ့အထ ပြောင်းလဲလာခြင်းတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ် ဆန်တင်သွင်းမှုမှာ သိသိသာသာကျဆင်းသွားကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

      အဆိုပါဌာန၏ စာရင်းအင်းအချက်အလက်အရ မတ်လ ၁၃ ရက်နေ့အထိ ပြည်ပမှ ဆန်တင်သွင်းမှု တန်ချိန် ၆၄၀,၉၁၅ တန်ရှိခဲ့ပြီး၊ ယနှစ်ကစံချိန်တင်သွင်းခဲ့သည့် တန်ချိန် ၁.၁၉ သန်းနှင့် နှိုင်းယှဉ်ပါက သိသာစွာကျဆင်းခဲ့ခြင်းဖြစ်သည်။

       စိုက်ပျိုးရေးဦးစီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ De Mesa က ပြည်တွင်း ဆန်ထွက်ရှိမှုနှင့် ဆန်စားသုံးမှုတို့ကို ပိုမိုတိကျစွာ ခန့်မှန်းလာနိုင်ပြီး ကုန်သွယ်မှုအတွေ့အကြုံ များပြားလာသည့် အတွက် ဆန်တင်သွင်းမှု ဈေးကွက်အနေအထားကို ပိုမိုလွယ်ကူစွာ ခန့်မှန်းလာနိုင်ကြောင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးစီးပွားရေးပညာရှင် Dr. Samarendu Mohanty ၏ သုံးသပ်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

    အိန္ဒိယ-အမေရိကန်နွယ်ဖွား စိုက်ပျိုးစီးပွားပညာရှင် Mohanty က ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဈေးကွက်ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် အနိမ့်ဆုံးလက်ကားဈေးနှုန်းသတ်မှတ်ခြင်း၊ ဆန်ဈေး နှုန်း အဆမတန်ကြီးမားမှုအား တင်းကျပ်စွာကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဈေးကွက်စောင့်ကြည့်မှု တိုးမြှင့်ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ကြောင်း အလေးပေး ပြောဆိုထားပါသည်။

      ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပြည်ပမှတင်သွင်းမှုကို လျော့ချနိုင်ရန် အလို့ငှာ ပြည်တွင်း စပါးစိုက်တောင်သူများအား ထောက်ပံ့ပေးခြင်းကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး တောင်သူများ၏ ဝင်ငွေတိုးလာစေရေးနှင့်  သာတူညီမျှသည့် ထောက်ပံ့ပေးကမ်းမှု ဖြစ်စေရေး အတွက် အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သည် သန့်စင်ခြောက်သွေ့သည့်စပါး တစ်ကီလို ဂရမ်လျှင် ၂၄ ပီဆိုနှုန်းနှင့် စပါးအစို တစ်ကီလိုဂရမ်လျှင် ပီဆို ၁၈ နှုန်းတို့ဖြင့် ဝယ်ယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

         ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆန်တန်ချိန် ၄.၈ သန်းကို တင်သွင်းထားပြီးဖြစ်ရာ ၂၀၂၅ ခုနှစ်အတွက် စားနပ်ရိက္ခာ လိုအပ်ချက်ကို ခိုင်မာစွာ ထောက်ပံ့ နိုင်သည့် အခြေအနေရှိကြောင်း သိရှိရပါသည်။

Source : Newsline Philippines, March 23, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)