
ထိုင်းနိုင်ငံအစိုးရသည် ဆန်တင်ပို့မှု မြှင့်တင်ဆောင်ရွက်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Worawong Ramangkura ဦးဆောင်လျက် ထိုင်းဆန် တင်ပို့သူများအသင်း၊ General Mill Corporation Ltd နှင့် Thai Granlux International Rice Ltd တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တောင်အာဖရိကသို့ စေလွှတ်ခဲ့သည်။
မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း ခရီးသွားရောက်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် တောင်အာဖရိကတွင် ထိုင်းဆန်နှင့် အခြားကုန်ပစ္စည်းများ ရောင်းချနိုင်ရန်နှင့် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း၊ အမေရိကန် ဒေါ်လာ ၁၉၉.၅၀သန်း (ဘတ်ငွေ ၇.၃သန်းခန့်) တန်ဖိုးရှိသော ဆန်တန်ချိန် ၃၉၁၀၀၀ ကို တင်ပို့ရန် တောင်အာဖရိကမှ ဆန်တင်သွင်းသူများနှင့် သဘောတူညီချက်တစ်ရပ် ရေးထိုးနိုင်မည်ဟု ယုံကြည်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ပြော ကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံသည် ထိပ်တန်းကမ္ဘာ့ဆန်တင်ပို့သည့် ထိုင်းနိုင်ငံအတွက် အာဖရိက ဒေသအတွင်း အရေးပါသော ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အာဖရိက ဒေသသို့ ဆန်တန်ချိန်စုစုပေါင်း ၃.၃၇ သန်း တင်ပို့ခဲ့ပြီး ယင်းပမာဏသည် ထိုင်းနိုင်ငံမှ နှစ်စဉ် ဆန်တင်ပို့မှု၏ ၃၃.၈၈ ရာခိုင်နှုန်းရှိကြောင်း၊ တောင်အာဖရိကသည် ထိုင်းဆန် တန်ချိန် ၈၃၃၀၀၀ သို့မဟုတ် အာဖရိကသို့ ထိုင်းဆန်တင်ပို့မှု၏ ၈.၃၈% ကိုတင်သွင်းခဲ့ပြီး အများစုမှာ ပေါင်းဆန်၊ ဆန်ဖြူနှင့် ထိုင်းစံပယ်ဆန်များ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်၌ တောင်အာဖရိကရှိ ထိုင်းဆန်တင်သွင်းမှု၏ ၂၅% ကျော်ကို ကိုယ်စားပြုသည့် Tastic Rice Corporation, Goldkeys International, Jumbo Prepackers စသည့် အဓိက ဆန်တင်သွင်းသော ကုမ္ပဏီများနှင့် ဆွေးနွေးခြင်း၊ တောင်အာဖရိကရှိ ထိုင်းစားသောက်ဆိုင်များကို Thai SELECT အသိအမှတ်ပြု လက်မှတ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
Source: The Thaiger, 24th March 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)