အင်ဒိုနီးရှားအနေဖြင့် ဇီဝဒီဇယ်ဆီ B40 အစီအစဉ်ကို ပြန်လည်လျှော့ချဖွယ်မရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံသည် စျေးကွက်အတွင်း စားအုန်းဆီရောင်းလိုအား လျော့ကျစေပြီး ယခုနှစ် စားအုန်းဆီစျေးနှုန်းများကိုပါ မြင့်တက်စေနိုင်သော စားအုန်းဆီအချိုးကျရောစပ်အသုံးပြုသည့် ဇီဝဒီဇယ်ထုတ်လုပ်မှုအစီအစဉ်ကို ဆက်လက်ဖော်ဆောင်နိုင်ဖွယ်ရှိသည်ဟု RHB သုတေသနအဖွဲ့ က မတ် ၂၅ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနကဖော်ပြသည်။

      အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီပါဝင်မှု ၄၀% နှင့် ဒီဇယ်ဆီပါဝင်မှု ၆၀% ရောစပ်အသုံး ပြုမည့် B40 အစီအစဉ်ကို အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ ၎င်းအစီအစဉ်ကို ယခုလမှစတင်နိုင်ဖွယ်ရှိသည်ဟု အင်ဒိုနီးရှားဇီဝလောင်စာထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံ ခဲ့အပြီး သိရှိရကြောင်း၊  စားအုန်းဆီ ရောင်းလိုအား ကျပ်တည်းလာသည်နှင့်အမျှ အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ၇% ကျဆင်းမည်ဟုမျှော်လင့်ရသဖြင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများ ဆက်လက်မြင့်မားစေနိုင်မည်ဟု ယုံကြည်ပါကြောင်း RHB သုတေသနအဖွဲ့မှ ပြောကြားခဲ့ပါသည်။

     ဆီအုန်းစိုက်ခင်းကဏ္ဍကို အလေးထားဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ယခုနှစ် စားအုန်းဆီ ကြမ်း စျေးနှုန်းမှာ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၃၀၀ ရှိနိုင်ကြောင်း RHB သုတေသနအဖွဲ့က ခန့်မှန်းထားသည်။

     ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီပါဝင်မှု ၄၀% ရောစပ် အသုံးပြုမည့် B40 ဇီဝဒီဇယ် အစီအစဉ်ကြောင့် ပြည်တွင်း စားအုန်းဆီ၀ယ်လိုအား မြင့်တက်လာမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်မှု အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အင်ဒိုနီးရှားသည် စားအုန်းဆီထုတ်လုပ်သူများအား အထောက် အပံ့ပေးနိုင်ရန်နှင့် ဇီဝဒီဇယ်ဆီနှင့် ရုပ်ကြွင်းလောင်စာဆီတို့ကြား ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းစေရန်တို့အတွက် စားအုန်းဆီအပေါ် အခွန်စည်းကြပ်မှုနှုန်းထားများ တိုးမြှင့် ကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

     အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီကြမ်း ပို့ကုန်အခွန်ကို ၇.၅% မှ ၁၀% ထိ တိုးမြှင့် ကောက်ခံရန် သတ်မှတ်ထားရှိပြီး စက်သုံးဆီ တစ်စည်လျှင် ၅၇ အမေရိကန်ဒေါ်လာနှုန်းအထက်၌ ရှိနေသရွေ့ ၎င်းစည်းကြပ်ခွန်နှုန်းထားက B40 အစီအစဉ်ကို ထောက်ပံ့ရန်လုံလောက်မှုရှိနိုင်ကြောင်း RHB သုတေသနအဖွဲ့က ပြောဆိုပါသည်။

     အင်ဒိုနီးရှားပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကိုသာ အထောက်အပံ့ပြုစေရန် ရည်ရွယ်၍ ရေနံစိမ်းစျေးနှုန်းများ ကျဆင်းနေချိန်တွင်ပင် စားအုန်းဆီ ပို့ကုန်အခွန် တိုးမြှင့်စည်းကြပ်မှုများက B40 အစီအစဉ်ကို အပြည့်အဝ ဆက်လက်ဖော်ဆောင်ရန် လုံလောက် သော ရန်ပုံငွေများရှိစေသည်မှာ သေချာလျက်ရှိကြောင်း မလေးရှားနိုင်ငံအခြေစိုက် RHB သုတေသနအဖွဲ့၏ ပြောကြားချက်ကို The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

Source: The Edge Malaysia, 25th Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)