ဂျပန်နိုင်ငံ၌ GI အသိအမှတ်ပြုလက်မှတ်ရ ထုတ်ကုန်အသစ် ၃ မျိုး မှတ်ပုံတင်ရန် ထိုင်းကြိုးပမ်း

Powered by Drupal

    ထိုင်းနိုင်ငံအနေဖြင့် ပထဝီဒေသအညွှန်း (Geographical Indication - GI) အသိအမှတ်ပြု လက်မှတ်ရ သီးနှံအသစ် ၃ မျိုးဖြစ်သော Hom Thong Bua Daeng ငှက်ပျောသီး၊ Nam Dok Mai Si Thong Phitsanulok သရက်သီးနှင့် Phetchabun မန်ကျည်းအချိုသီးတို့ကို ဂျပန်နိုင်ငံ၌ ယခုနှစ် ဒုတိယ သုံးလပတ်အတွင်း မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းမည်ဟု ထိုင်းမူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Nusara Kanjanakul က ပြောဆိုခဲ့ပါသည်။

    ထိုင်းနိုင်ငံသည် မကြာသေးမီကာလ၌လည်း GI အသိအမှတ်ပြုလက်မှတ်ရ Doi Tung ကော်ဖီ၊ Doi Chaang ကော်ဖီနှင့် Huaymon နာနတ်သီးတိူ့ကို ဂျပန်ဈေးကွက်၌ ပထဝီဒေသ အညွှန်း မှတ်ပုံတင်ထားပြီးဖြစ်သည်။ လက်ရှိကာလ၌ ထိုင်းနိုင်ငံမှ GI အသိအမှတ်ပြု လက်မှတ်ရ ထုတ်ကုန် ၉ မျိုးမှာ ဥရောပ၊ ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ကမ္ဘောဒီးယား တို့အပါအဝင် နိုင်ငံပေါင်း ၃၃ ခုကျော်ရှိ နိုင်ငံတကာဈေးကွက်များအတွင်း ဝင်ရောက် မှတ်ပုံတင် ထားပြီးဖြစ်ကြောင်း သိရှိရသည်။

     ထိုင်းပြည်တွင်း၌ GI မှတ်ပုံတင်ပြီးသည့် ထုတ်ကုန်ပေါင်း ၂၂၇ ခုရှိပြီး နှစ်စဉ် တန်ဖိုးအားဖြင့် ဘတ်ငွေ ၇၇ ဘီလီယံကျော် ထုတ်လုပ်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ဂျပန်နိုင်ငံ၌ ထုတ်ကုန်အသစ် ၃ မျိုးကို GI မှတ်ပုံတင်ရန် ဆောင်ရွက်မှုက အဆိုပါထုတ်ကုန်များမှတစ်ဆင့် ကျေးလက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ၎င်းတို့ဦးစီးဌာနအနေဖြင့် ထိုင်း GI ထုတ်ကုန်များကို ပြည်တွင်းနှင့်ပြည်ပ ဈေးကွက်နှစ်ရပ်လုံး၌  မြှင့်တင်နိုင်ရေးအတွက် အဓိက စတိုးဆိုင်ကြီးများ၊ Shopee, Lazada နှင့် Born Thailand တို့ကဲ့သို့သော အွန်လိုင်းဈေးကွက်များ မှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် GI ထုတ်ကုန်ပြပွဲများ အဖြစ် Thaifex-Anuga Asia 2025 ပြပွဲကို မေလတွင်လည်းကောင်း၊ Thailand Coffee Fest 2025 ပြပွဲကို ဇူလိုင်လ၌လည်းကောင်း ကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ ဈေးကွက်လိုလားချက်နှင့်အညီ ထုပ်ပိုးမှုပုံစံ တိုးတက်ကောင်းမွန်လျက် ထုတ်ကုန်တန်ဖိုးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၎င်းကုန်စည် ပြပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း စသည်ဖြင့် Ms Nusara က ပြောကြားခဲ့သည်။

    ထိုင်းမူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ၁၄ ခု၊ ငါးလုပ်ငန်းထုတ်ကုန် ၃ ခု၊ စားသောက်ကုန် ၂ ခု၊ လက်မှုချည်မျှင်နှင့်အထည် ထုတ်ကုန် ၂ ခုနှင့် ယမကာထုတ်ကုန်တစ်ခုတို့ အပါအဝင် ယခုနှစ်အတွင်း ခရိုင် ၁၈ ခုမှ ထုတ်ကုန်ပေါင်း ၂၂ မျိုးကို GI လက်မှတ် ထုတ်ပေးရန် စီစဉ်လျက်ရှိပြီး ထိုသို့ဆောင်ရွက်မှုက  ပထဝီဒေသအညွှန်း အသိအမှတ်ပြုလက်မှတ်ရ ထုတ်ကုန် ကဏ္ဍ၏ ထုတ်လုပ်မှုတန်ဖိုးတွင် ဘတ်ငွေ ၅.၈ ဘီလီယံထပ်မံ၍ တိုးတက်လာစေမည်ဖြစ်သည်။

     ထိုင်းနိုင်ငံ၌ Thai GI label တံဆိပ်ကပ်နှိပ်ခွင့်ရရှိသော ထုတ်ကုန်ပေါင်း ၁၈၄ မျိုးကို လုပ်ငန်းရှင်ပေါင်း ၁၅၀၀၀ ကျော်က ထုတ်လုပ်လျက်ရှိပြီး ထိုင်းမူပိုင်ခွင့်ဦးစီးဌာနသည် အဆိုပါ GI ထုတ်ကုန်များ၏ ကုန်ထုတ်လုပ်မှု နောက်ကြောင်းရာဇဝင်ကို ဒီဂျစ်တယ်စနစ်ဖြင့် ခြေရာခံနိုင် သည့် GI Smart trace system စနစ်ကို တည်ထောင်ဆောင်ရွက်လျက်ရှိသည်ဟု Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

Source: Bangkok Post, 8 Apr 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)