
အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆီကို ၅ လကြာမျှ တင်သွင်းမှု လျှော့ချခဲ့ရာမှ ယခုအခါ စားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဖက်ပဲပုပ်ဆီ၏ ဈေးနှုန်းအောက်သို့ ကျဆင်းလျက်ရှိရာ စားသုံး ဆီ ပြန်လည်သန့်စင်ပြုပြင်သည့် လုပ်ငန်းများ၏ ကုန်စည်သိုလှောင်ဖြည့်တင်းရန် အဝယ်အမှာစာ များ ပေးပို့မှုကို တွန်းအားဖြစ်ပေါ်စေပြီး စားအုန်းဆီဝယ်ယူမှုမှာ စတင်၍ မြင့်တက်လာသည်ဟု ကုန်သည်လုပ်ငန်းရှင် ၄ ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသူဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှု မြင့်တက်လာ ခြင်းသည် ၂၀၂၅ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းနေခဲ့သည့် မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းချမှု စံပြုဈေးနှုန်း မြင့်တက်မှုကို အထောက်အပံ့ပြုလိမ့်မည်ဖြစ်သည်။ စားအုန်းဆီ ဈေးနှုန်းများသည် အဆမတန် မြင့်မားနေမှုအရ အိန္ဒိယအနေဖြင့် ဝယ်ယူတင်သွင်းမှုကို လျှော့ချခဲ့ ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုအခါ ပဲပုပ်ဆီထက် ဈေးနှုန်းသက်သာလာသဖြင့် ဆီပြန်လည် သန့်စင် ပြုပြင်သူများသည် ပိုမိုမှာယူလာကြကြောင်းဖြင့် Sunvin Group ဟင်းသီးဟင်းရွက်ဆီ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောဆိုခဲ့သည်။
ဆီကုန်သည်များ၏ ပြောကြားချက်အရ လက်ရှိကာလတွင် အိန္ဒိယဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ် မေလ အရောက် တင်သွင်းမည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်ခများ ပါဝင် ပြီးဖြစ်သော စားအုန်းဆီကြမ်း (Crude palm oil - CPO) တစ်တန်၏ ဆိပ်ကမ်းအရောက် CIF ဈေးနှုန်းသည် ဒေါ်လာ ၁၀၅၀ ခန့်ရှိပြီး ပဲပုပ်ဆီကြမ်းတစ်တန်၏ အလားတူ CIF ဈေးနှုန်းမှာမူ ဒေါ်လာ ၁၁၀၀ ခန့်ရှိကြောင်း သိရှိရသည်။
စားအုန်းဆီသည် ပဲပုပ်ဆီထက် ဒေါ်လာ ၁၀၀ ခန့်ပိုမိုလျက် ပရီမီယံဈေးနှုန်းအဆင့်သို့ ရောက်ရှိနေခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အိန္ဒိယဝယ်လက်များ အနေဖြင့် ဝယ်ယူမှု ကို လျှော့ချထားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုမှာ ဒီဇင်ဘာလမှ မတ်လ အတွင်း တန်ချိန် ၁.၅၇ သန်းခန့်ရှိပြီး ဧပြီလ၌ တန်ချိန် ၃၅၀၀၀၀ ခန့် တင်သွင်းဖွယ်ရှိရာ အဆိုပါ ၅ လအတွက် လစဉ်ပျမ်းမျှ တင်သွင်းမှုပမာဏမှာ ၃၈၄၇၁၂ တန်ခန့်ရှိမည်ဖြစ်သည်။
အိန္ဒိယ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း၏ အဆိုအရ ၂၀၂၄ ခုနှစ် အောက်တိုဘာ လတွင် ကုန်ဆုံးသော ဈေးကွက်ရာသီနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ လစဉ်ပျမ်းမျှ စားအုန်းဆီ တင် သွင်းမှုမှာ တန်ချိန် ၇၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။ အဆိုပါအသင်းအနေဖြင့် ဧပြီလအတွက် တင်သွင်းမှု အစီရင်ခံစာကို လာမည့် မေလ လလယ်ပိုင်း၌ ထုတ်ပြန်မည်ဖြစ်သည်။
အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် မေလတွင် တန်ချိန် ၅၀၀၀၀၀ ခန့်နှင့် ဇွန်လ၌ တန်ချိန် ၆၀၀၀၀၀ ကို ကျော်လွန်နိုင်ကြောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအတွင် လစဉ်ပျမ်းမျှ တန်ချိန် ၇၀၀၀၀၀ ခန့်ကို တင်သွင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောဆိုထားသည်။ စားသုံးဆီ ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော GGN Research မှ မိတ်ဖက်စီမံခန့်ခွဲသူ Rajesh Patel က လွန်ခဲ့သော ၅ လတာအတွင်း ပုံမှန်အောက် လျှော့ချတင်သွင်းခဲ့မှုကြောင့် အိန္ဒိယ၏ စားသုံးဆီ သိုလှောင်မှု လက်ကျန်ပမာဏမှာ လျော့ကျလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဆီသန့်စင်မှု လုပ်ငန်းများအနေဖြင့် ယခုအချိန်၌ ပိုမိုတိုးမြှင့်တင်သွင်းရန် လိုအပ်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။
Source: Reuters, 23 Apr 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)