ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းအထိ ကျဆင်း

Powered by Drupal

     ထိုင်းဆန်တင်ပို့သူများအသင်း၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၂.၁ သန်းသာရှိပြီး ယခင်နှစ်ကာလတူ တင်ပို့နိုင်မှုအောက် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့သည်ဟု Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

    အဆိုပါကုန်သည်အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ခဲ့ခြင်းနှင့် အဓိကဝယ်လက်နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှား၏ ဆန်တင်သွင်းမှု ယာယီဆိုင်းငံ့လျက်ရှိခြင်းတို့က ထိုကဲ့သို့ ဆန်တင်ပို့မှု ကျဆင်းခြင်းကို ဖြစ်ပေါ်စေ ခဲ့ကြောင်း၊ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒ အပြောင်း အလဲကို အနီးကပ်စောင့်ကြည့်လုပ်ကိုင်ရန် အရေးကြီးကြောင်း၊ အမေရိကန်နိုင်ငံသည် ယခင်က အကောက်ခွန် သုညရာခိုင်နှုန်းစည်းကြပ်ခဲ့သော ထိုင်းပို့ကုန်များကို ယခုအခါ ၁၀ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ကြောင်း၊ အကယ်၍ အကောက်ခွန်နှုန်းထားများသည် ၂၀ မှ ၂၅ ရာခိုင်နှုန်းကြားအထိ မြင့်တက်လာပါက ထိုင်းစံပယ်ဆန်ကို အဓိကတင်ပို့ရာဖြစ်သော အမေရိကန်ဈေးကွက်သို့ ဆန် တင်ပို့မှုအပေါ် သက်ရောက်မှု ကြီးမားစွာဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။

     အမေရိကန်၏ တန်ပြန်အကောက်ခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် အစီအမံကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားခြင်းက ယခုနှစ် ပထမ သုံးလပတ်အတွင်း စံပယ်ဆန်မွှေး တန်ချိန် ၂၀၀၀၀၀ ကို ယင်းဈေးကွက်သို့ တင်ပို့ရန် တွန်းအားဖြစ်စေခဲ့သည်။ ယခင်နှစ်၌ ထိုင်းနိုင်ငံမှ အမေရိကန်သို့ ဆန် တန်ချိန် ၈၃၀၀၀၀ တင်ပို့ခဲ့ရာတွင် စံပယ်ဆန် တန်ချိန် ၆၃၀၀၀၀ နှင့် အခြား ထိုင်းဆန်မွှေးတန်ချိန် ၁၂၀၀၀၀ ပါဝင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များသို့ ထိုင်းနိုင်ငံမှ နှစ်စဉ် စံပယ်ဆန်တင်ပို့မှု မှာ တန်ချိန် ၁.၃ သန်းမှ ၁.၄ သန်းအကြားရှိသည်။

    အမေရိကန်နိုင်ငံဘက်မှ ဆန်တင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့ပါက လက်ရှိကာလတွင် တစ်တန်လျှင် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြင့် တင်ပို့လျက်ရှိသော ထိုင်းစံပယ်ဆန်သည် တန်ဖိုး ၁၂၅၀ ဒေါ်လာအထိ ကျသင့်မည်ဖြစ်ကြောင်း Mr Chookiat က ပြောဆိုသည်။ ထိုမျှမြင့်မားသော ဆန်ဈေးနှုန်း၌ ဝယ်ယူစားသုံးရန် အမေရိကန်နိုင်ငံရှိ စားသုံးသူ များ၏ ကြံကြံခံ ရင်ဆိုင်နိုင်စွမ်းမရှိမည့် အခြေအနေအပေါ် ထိုင်းဆန်တင်ပို့သူများအသင်းက စိုးရိမ် မကင်း ဖြစ်ပေါ်လျက်ရှိသည်။

    ယခုနှစ် ပထမ သုံးလပတ်၌ ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုတန်ချိန်ပေါင်း ၂.၃ သန်းဖြင့် ထိုင်းနိုင်ငံထက် သာလွန်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။ အထက်ပါ စိန်ခေါ်မှုများရှိနေသာ်လည်း ထိုင်းဆန်တင်ပို့သူများအသင်းအနေဖြင့် ၂၀၂၅ ခုနှစ်၌ ဆန်တန်ချိန် ၇.၅ သန်းအထိ တင်ပို့နိုင်ရေး ရည်မှန်းချက်ကို ပြည့်မီနိုင်ရန်အတွက် ယခုနှစ် နှစ်လယ်ပိုင်းတွင် တိုးမြှင့်တင်ပို့နိုင်အောင် ထိန်းသိမ်းကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

Source: Bangkok Post, 22 Apr 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)