ဆောင်းနှင့်နွေ သီးနှံရာသီ၌ အထွက်မြင့်မားနိုင်မှုအရ မတ်ပဲဈေးနှုန်း ကျဆင်းမည်ဟု အိန္ဒိယ ကုန်သည်များ ပြောကြား

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲတင်သွင်းမှုမှာ တန်ချိန် ၆.၂၄ သိန်းရှိခဲ့ရာမှ ၂၀၂၄-၂၅ ခုနှစ်အတွင်း ၃၂ ရာခိုင်နှုန်းမြင့်တက်လျက် တန်ချိန် ၈.၂၃ သိန်းကျော် တင်သွင်းခဲ့ရာ ပြည်တွင်း၌ ဝယ်လိုအားနည်းပါးနေမှုအရ မတ်ပဲဈေးနှုန်းသည် ဆက်လက်နိမ့်ကျနေဖွယ်ရှိသည်ဟု Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

           ယခုနှစ်၌ မတ်ပဲစိုက်ပျိုးထုတ်လုပ်မှု စံချိန်တင်မြင့်တက်ခဲ့သော မြန်မာနိုင်ငံထံမှ ဝယ်ယူ တင်သွင်းမှု မြင့်မားလာနိုင်ခြေရှိမှုနှင့်အတူ အိန္ဒိယပြည်တွင်း ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးထုတ် လုပ်မှုမှ အထွက်ကောင်းမွန်သော မတ်ပဲများ ဈေးကွက်ဝင်ရောက်လာချိန်၌ ထိုသို့ ဈေးနှုန်းနိမ့်ကျ မှု ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ဂူဂျရတ်နှင့် မဒ္ဒရာပရာဒေ့ရှ်တို့ကဲ့သို့ နွေသီးနှံစိုက်ပျိုးသည့် ပြည်နယ်များမှ ရှေ့လာမည့် သီတင်းပတ်များတွင် မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာမည် ဖြစ်ရာ မတ်ပဲဈေးနှုန်းများသည် ကျဆင်းမှုဖိအားများအောက်တွင် တည်ရှိနေမည်ဟု ကုန်သည် အသိုင်းအဝန်းက ပြောဆိုလျက်ရှိသည်။

          မြန်မာနိုင်ငံတွင် ယခင်နှစ်၌ မတ်ပဲထုတ်လုပ်မှုမှာ တန်ချိန် ၅.၅ သိန်းခန့်သာရှိရာမှ ယခုနှစ် တွင် တန်ချိန် ၆.၅ သိန်းအထိ စံချိန်တင် ထုတ်လုပ်ခဲ့ကြောင်း၊ မြန်မာကုန်သည်များဘက်မှ ပိုမိုတင် ပို့ရန် လိုလားလျက်ရှိပြီး စိုက်ပျိုးထွက်ရှိသည့် မတ်ပဲအများစုသည် အိန္ဒိယဈေးကွက်သို့သာ ဝင် ရောက်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ရလဒ်အားဖြင့် ယခုနှစ်၌ မတ်ပဲတင်သွင်းမှုမှာ မြင့်တက်လာဖွယ် ရှိကြောင်း၊ မြန်မာမှ မတ်ပဲအသစ်များသည် အိန္ဒိယဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊  မြန်မာမတ်ပဲကို အများဆုံးကုန်သွယ်နိုင်မည့် ပမာဏမှာ တန်ချိန် ၉ သိန်းမှ ၁၀ သိန်းအတွင်း ဖြစ် ကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ မြန်မာမတ်ပဲကို တင်သွင်းမှုမှာ ၃၂ ရာခိုင်နှုန်းခန့် တိုးတက်လျက် တန်ချိန် ၈.၂၃ သန်းကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း စသည်ဖြင့် Igrain India မှ လုပ်ငန်းရှင် Rahul Chauhan က ပြောကြားခဲ့သည်။

          မြန်မာနှင့် ဘရာဇီးတို့ထံမှ မတ်ပဲများတင်သွင်းမှု များပြားလာခြင်းနှင့် ဝယ်လိုအားနည်းပါး နေခြင်းတို့အရ အိန္ဒိယပြည်တွင်း၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ မတ်ပဲဈေးနှုန်းများ ကျဆင်း လာမှုမှာ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်။ ယခင်နှစ် နိုဝင်ဘာလတွင် မတ်ပဲ ၁ ကီလိုဂရမ်လျှင် ၈၅ ရူပီး နှုန်းရှိပြီး ယခုအခါ ၇၂ ရူပီးနှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် လိုအပ်မှုရှိမှသာ ဝယ်ယူကြကြောင်း၊ ဈေးနှုန်းကျဆင်းမှု လအတန်ကြာ ဖြစ်ပေါ်နေခြင်းကြောင့် မတ်ပဲကုန်သွယ်မှု ကို သတိပြုလုပ်ကိုင်ရမည့် အခြေအနေရှိပြီး ဈေးနှုန်းဆက်လက်ကျဆင်းဖွယ်ရှိခြင်းက ကုန်သွယ်မှု ပြုရန် ယုံကြည်မှုကို လျော့ပါးစေကြောင်း၊ ကြိတ်ခွဲရန် သိုလှောင်မှုပြုသည့် ပဲခွဲစက်လုပ်ငန်းရှင်များ သည်ပင် ဈေးနှုန်းကျဆင်းသည့် အခြေအနေ၌ ၎င်းတို့၏ သိုလှောင်ထားရှိသည့် မတ်ပဲများ တန်ဖိုး ကျဆင်းမှုကို ကြုံတွေ့နေရကြောင်းဖြင့် Four P International ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ Krishnamurthy က ပြောဆိုသည်။

          အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ် မိုးသီးနှံရာသီ၌ မိုးရွာသွန်းမှုများပြားခြင်းကြောင့် မိုးမတ်ပဲ ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိပြီး ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၁၆.၀၄ သိန်းအောက် ၂၀ ရာခိုင် နှုန်း ကျဆင်းလျက် တန်ချိန် ၁၂.၈၂ သိန်းခန့်သာ ရှိခဲ့သည်။ သို့သော် ဆောင်းသီးနှံရာသီ၌ မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၄.၈၇ သိန်းကို ကျော်လွန်ပြီး ယခုနှစ်တွင် တန်ချိန် ၅.၁၇ သိန်းရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။

          ယခုနှစ် ဆောင်းမတ်ပဲစိုက်ပျိုးမှုမှာ အန္တရာပရာဒေ့ရှ်နှင့် တမီနာဒူ ပြည်နယ်များ၌ ကောင်း မွန်မှုရှိကြောင်း၊ ဂူဂျရတ်နှင့် မဟာရဋ္ဌ ပြည်နယ်တို့မှ နွေရာသီကာလတွင် စိုက်ပျိုးသော မတ်ပဲများ သည်လည်း အထွက်ကောင်းမွန်မှုရှိပြီး မကြာမီ ရက်သတ္တပတ် ၂ ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လိမ့်မည်ဟု ကြားသိရကြောင်း၊ လက်ရှိကာလ၌ အစိုးရ၏ အနိမ့်ဆုံး အထောက်အပံ့ပြု ရည်ညွှန်းဈေးနှုန်းဖြစ်သော ၁ ကွင်တယ် (၁၀၀ ကီလီုဂရမ်) လျှင် ရူပီး ၇၄၀၀ နှုန်း အောက်တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းများအပေါ် နွေသီးနှံ အထွက်မြင့်မားမှုက ဖိအား ပေးလျက်ရှိကြောင်း Mr. Krishnamurthy က ပြောကြားခဲ့သည်။

          မကြာသေးမီလများအတွင်း မြန်မာမတ်ပဲဈေးနှုန်းများမှာ သိသာစွာ ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ ကြောင်း၊ အထူးကောင်းမွန်သည့် အရည်အသွေး အဆင့်အတန်း (SQ grade) ရှိသော မြန်မာမတ်ပဲ ဈေးနှုန်းသည် ယခင်ကာလများ၌ ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၈၈၀ မှ ၈၉၀ နှုန်းအကြားသို့ ကျဆင်းလာခဲ့ကြောင်း၊ ထိုသို့ ဈေးနှုန်းကျဆင်းရခြင်း၏ အဓိက အကြောင်း အရင်းမှာ ထုတ်လုပ်မှု စံချိန်တင်မြင့်တက်ပြီး ပို့ကုန်လုပ်ငန်းရှင်များအကြား ယှဉ်ပြိုင်မှု များပြား လာခြင်းပင်ဖြစ်ကြောင်းဖြင့် Mr. Chauhan ကလည်း ပြောဆိုထားသည်။

          အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ဧပြီ ၂၈ ရက်နေ့၌ နောက်ဆုံးရရှိသည့် ဈေးကွက်အချက်အလက်များကို ထုတ်ပြန်ရာတွင် ကြိတ်ခွဲပြီး မတ်ပဲကုန်ချောများ ‌ရောင်းချရမှု မရှိခြင်းနှင့် ဝယ်လိုအားနည်းပါးနေခြင်းကြောင့် မတ်ပဲဈေးနှုန်းများသည် ဖိအားများအောက်တွင် ဆက်လက် တည်ရှိနေမည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ၌ သီးနှံအထွက် မြင့်မားမှုနှင့်အတူ ရောင်းလိုအားနှင့် ဝယ်လိုအား ကွာဟချက်ကြောင့် အလျင်စလို ရောင်းချမှုများ ဖြစ်ပေါ်လာနိုင် ကြောင်း၊ မတ်ပဲဈေးနှုန်းသည် မေလတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဟု ကုန်သည်များက ခန့်မှန်းထားကြောင်း၊ မြန်မာမတ်ပဲ၏ သင်္ဘောတင်စရိတ်နှင့် သယ်ယူပို့ဆောင်ခတို့ ပါဝင်ပြီးဖြစ် သော အိန္ဒိယဆိပ်ကမ်းသို့အရောက် CNF ဈေးနှုန်း ကမ်းလှမ်းချက်များ ပြောင်းလဲမှုကို သတိပြု လုပ်ကိုင်ရန်လိုအပ်ကြောင်း အဆိုပါအသင်းက ပြောကြားထားသည်။

Source: The Hindu Business Line, April 28, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)